အခန်း ၅

753 49 1
                                    

[Unicode]
ဒီရက်ပိုင်းမှာ ညွှန်းစေရာသည် ပီချူး စီးပွားရေးလုပ်ငန်းစု၏ Acting CEO အဖြစ် တာဝန်ယူပေးရကာ အလုပ်တွေကို ဖေဖေ့ကိုယ်စား ကြီးကြပ်ပေးနေရသည်။ ဖေဖေ့အလုပ်တွေကို လေ့လာသင်ယူခဲ့ဖူးတာမို့ ထွေထွေထူးထူး အခက်အခဲ မရှိ။ ဖေဖေ့နေရာမှာ အစားထိုးဝင်ပြီး လုပ်ငန်းအားလုံးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပေးသည်။ ကုမ္ပဏီအလုပ်တွေရော ဖေဖေ့ဆေးရုံကိစ္စတွေပါ မျက်နှာလွှဲထားလို့မရတာမို့ အိပ်ရာပေါ်မှာ ဖေဖေလဲနေသော ဒီရက်တွေမှာ ညွှန်းစေရာလည်း အတော်ပင်ပန်းတယ်လို့ ပြောလို့ရသည်။ 

မနက်မနက်ဆို ကုမ္ပဏီမသွားခင်မှာ ဆေးရုံကိုဝင်ပြီး ဖေဖေ့ကို ဝင်တွေ့ဖြစ်သည်။ ပြီးမှ ကုမ္ပဏီကို ဆက်သွားသည်။ ကုမ္ပဏီမှာလည်း လုပ်ငန်းတွေကို ကြီးကြပ်ရတာမို့ တစ်နေကုန် အနားမရ။ အစည်းအဝေး တက်ရသည်။ Project များစွာကို စီမံခန့်ခွဲပေးရသည်။ လိုအပ်တာတွေကို ညွှန်ကြားပေးရသည်။ ဒီနေ့လည်း အလုပ်ဆင်းချိန်ရောက်မှ ကုမ္ပဏီကနေ ထွက်လာရသည်။ ယာဥ်မောင်းမထားသူမို့ ကားကို ကိုယ်တိုင်မောင်းကာ အိမ်ကိုပဲ တန်းပြန်လာဖြစ်သည်။

"ကိုနေနိုင်သော် ရှင် အခုမြင်ပြီလား၊ ရှင့်နေရာကို ညွှန်းစေရာက ယူသွားပြီ၊ ရှင် အဲ့ဒီမှာ ငဒူကြီးလို ထိုင်ကြည့်နေလိုက်ဦး သိလား၊ ရှင့်အစ်ကိုက တစ်သက်လုံး သတိပြန်မရလာတော့ရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒီလိုသာဆို ညွှန်းစေရာကပဲ CEO ဖြစ်သွားတော့မှာ"

"ဖြစ်ဖြစ်ပေါ့ ရေဇလာရာ၊ မင်း ဘယ်လိုဖြစ်နေတာလဲ၊ အဲ့ဒီအလုပ်တွေကို ငါ စိတ်မဝင်စားဘူး၊ ညွှန်းစေရာက အဲ့ဒီနေရာအတွက် အသင့်တော်ဆုံးပဲ"

"ရှင် အဲ့ဒီလိုပဲ ထိုင်ပြောနေသိလား၊ နောက်ဆိုရင် လစဥ်ရနေတဲ့ အမြတ်ဝေစုပါ အကုန်ပျောက်မယ်၊ ရှင့်အစ်ကိုကသာ ရှင့်ကို ဝေစုခွဲပေးနေတာ၊ ညွှန်းစေရာသာ CEO ဖြစ်သွားရင် ရှင် ဘာမှရဖို့ မမျှော်လင့်နဲ့၊ ရှင့်အစ်ကိုနဲ့သာ ရှင်က သွေးသားရင်းချာ၊ ညွှန်းစေရာနဲ့က ဘာတော်လို့လဲ၊ ဘယ်လောက်ပဲ ဆွဲကပ်ပြီး ဆွေမျိုးတော်ထားပါစေ၊ သူစိမ်းက သူစိမ်းပဲ"

ညွှန်းစေရာ အိမ်ပြန်ရောက်လာချိန်မှာ အန်တီရေဇလာရဲ့အသံခပ်ကျယ်ကျယ်ကို အခန်းအပြင်အထိ လွင့်ပျံပြီး ကြားနေရသည်။ အိမ်သားအားလုံးလည်း ဒီလိုစကားတွေကို ကြားဖူးလိမ့်မယ်လို့ ထင်သည်။ စေရာတောင် နိုင်ငံခြားက ပြန်ရောက်ပြီးတဲ့နောက် ဒီလိုစကားမျိုးကို ကြားရတာ ဆယ်ကြိမ်ထက်မနည်း ရှိနေပြီ။ အန်တီရေဇလာက ဒီလိုအသံနဲ့ ပြောနိုင်တာကလည်း အိမ်သားတွေရဲ့ သည်းညည်းခံနိုင်တဲ့ စိတ်ကြောင့်ပဲဖြစ်မည်။ အဲ့ဒါကလည်း ဦးငယ်ရဲ့မျက်နှာကြောင့်ဆိုရင် ပိုမှန်မည်။ ဦးငယ်ကတော့ ဘယ်လောက်ပဲ သွေးထိုးခံရခံရ၊ ညွှန်းစေရာကို သူ့တူအရင်းလိုသာ သဘောထားခဲ့တာမို့ စေရာ့အပေါ်မှာ စိတ်ထားမပြောင်းခဲ့ပါ။ စေရာသည် အဲ့ဒီအသံတွေကို လျစ်လျူရှုကာ ကိုယ့်အခန်းကိုသာ ဝင်လာလိုက်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now