အခန်း ၁၀

718 39 1
                                    

[Unicode]
မနုဿသည် တစ်ချက်ကလေး ယိုင်နဲ့ချင်သွားသော စိတ်ကို အချိန်မီပြုပြင်ကာ ကျားရိုင်းတစ်ကောင်လို မာန်သွင်းပစ်လိုက်သည်။ ညွှန်းစေရာဆီကို အမြန်ရောက်ရှိဖို့အတွက် ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းလိုက်သည်။ ကုမ္ပဏီကိုရောက်တော့ ပါကင်မှာ ဆိုင်ကယ်ထိုးရပ်ရင်း မျက်လုံးဝေ့ကြည့်လိုက်တဲ့အခါ ညွှန်းစေရာရဲ့ Ferrari ကား အနက်ရောင်ကိုတွေ့မြင်ရသည်။ အဲ့ဒီလူက မနုဿထက်အရင် ကုမ္ပဏီကို စောရောက်နေတာလား။

မနုဿသည် ဓာတ်လှေကား အသုံးပြုပြီး CEO ရုံးခန်းကို တက်သွားလိုက်သည်။ ရုံးခန်းကိုဝင်ရင်တော့ မနေ့ကလိုပင် CEO အလုပ်စားပွဲမှာ ညွှန်းစေရာကို မြင်တွေ့ရသည်။ အဲ့ဒီလူသည် အနောက်တိုင်း ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်စားတတ်တာမို့ ဘယ်အချိန်ကြည့်ကြည့် သူ့ပုံစံက smart ဖြစ်နေတတ်သည်။ ဒီနေ့အတွက် ထူးခြားချက်ကတော့ သူ့အလုပ်စားပွဲရဲ့ မျက်စောင်းထိုးမှာ ရှိခဲ့တဲ့ မနုဿရဲ့စားပွဲကို ဒီအခန်းထဲမှာ မမြင်တွေ့ရတော့တာ။ မနုဿသည် နှုတ်ခမ်းကို တစ်ဖက်တည်း ကော့ညွတ်တက်အောင် မဲ့ပြုံးလိုက်ပြီးမှ အဲ့ဒီလူရဲ့အရှေ့ကို လျှောက်သွားလိုက်သည်။

"မင်းရောက်လာပြီလား ဧကန်၊ မင်းအလုပ်စားပွဲက"

"ကျွန်တော့်စားပွဲကို အပြင်ထုတ်လိုက်တာဆိုတော့ ခင်ဗျားနဲ့ စားပွဲတစ်လုံးတည်းမှာ အလုပ်လုပ်ပေးရမယ်ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား CEO"

"အဲ့ဒီကိစ္စပဲ မင်းကိုပြောမလို့၊ မင်း ဒီနေ့ကစပြီး အလုပ်လုပ်ရမယ်၊ ဒီအခန်းမှာတော့ မဟုတ်ဘူး၊ ဒီအခန်းနဲ့ ဘေးကပ်လျက်က အတွင်းရေးမှူးရုံးခန်း အစစ်အမှန်ထဲမှာ၊ ငါလိုအပ်တာရှိရင် အင်တာကွန်နှိပ်ပြီး မင်းကိုခေါ်လိုက်မယ်၊ မင်းရဲ့အလုပ်စားပွဲမှာ ဒီနေ့အတွက် အလုပ်ဇယားကို တင်ပေးထားတယ်၊ နောက်ရက်တွေကျရင် အလုပ်ဇယားဆွဲတာကအစ မင်းကိုယ်တိုင်ပဲ တာဝန်ယူရမယ်၊ ကဲ.. မင်းအခန်းကို ပြန်လို့ရပြီ၊ ငါခေါ်တော့မှ ဒီအခန်းကို ဝင်လာခဲ့"

မနုဿကို ကြိုဆိုလာသော ဒီလူကြီးရဲ့ဒီနေ့အတွက် ဗျူဟာအသစ်က ဒီလိုပုံစံလား။ မနုဿရဲ့လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ သိရအောင် သူ့အရှေ့မှာထားပြီး မျက်ခြည်မပြတ် စောင့်ကြည့်မနေချင်တော့တာလား။ ဒါမှမဟုတ် မနုဿက သူ့ကို ထပ်မံပြီး ထိပါးလာမှာကို စိုးကြောက်လို့ပဲ အကွက်ရွှေ့လိုက်တာလား။ မနုဿသည် ခပ်ညစ်ညစ်လေး ပြုံးကာ ခြေငါးလှမ်းစာလောက် ထပ်လျှောက်ပြီး သူ့အနားကိုရောက်အောင် သွားလိုက်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now