P_3 (Zawgyi)

4.5K 120 0
                                    

နောက်နေ့ရောက်တော့ ဒယ်ဒီ မြို့ကို ပြန်ပါတယ်။ မပြန်ခင် ကျွန်တော့်ကို မနေနိုင်ရင် ပေတေပြီးမနေဖို့ အထပ်ထပ် မှာကြားနေတာကြောင့် ကျွန်တော်က ငါးနှစ်မပြည့်မချင်း ပြန်မလာဘူးဒယ်ဒီလို့ အပြတ်ပြောပစ်လိုက်ရတယ်။ နောက်တော့ ဒယ်ဒီပြန်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်က အိမ်ပြောင်းရမယ်။ ကျွန်တော်နဲ့ အတူနေရမယ့်သူက လာခေါ်မှာဖြစ်တယ်လို့ ဦးလေးသိန်းဖေက ပြောထားတဲ့အတွက် ခြံထဲက သရက်ပင်အောက်ကနေပဲ သူ့အလာကို ကျွန်တော်စောင့်နေလိုက်တယ်။

"ဟော.. အမြစ်တော် ရောက်လာပြီလား"

ဦးလေးသိန်းဖေရဲ့စကားကြောင့် ကျွန်တော် ခြံဝကို လှည့်ကြည့်လိုက်တယ်။ စွပ်ကျယ်လက်ပြတ်၊ ပုဆိုးတိုတိုဝတ်ထားတဲ့ အသားညိုညိုစိုစိုနဲ့ လူတစ်ယောက် ခြံထဲဝင်လာတာကို တွေ့ရတယ်။ စွပ်ကျယ်လက်ပြတ် ဝတ်ထားတာမို့ ကျစ်လစ်နေတဲ့ သူ့ရဲ့ လက်မောင်းတစ်စုံက အတိုင်းတိုင်းပေါ်လွင်နေတယ်။

"ဟုတ်ကဲ့... ဦးလေးသိန်းဖေ"

ဦးလေးသိန်းဖေကို ပြန်လည်နှုတ်ဆက်ရင်းနဲ့ အဲ့ဒီကောင်လေးက ကျွန်တော့်အရှေ့တည့်တည့်မှာ ခြေစုံလာရပ်တယ်။ အဲ့လိုခြေစုံလာရပ်မှပဲ အကျောဖြိုင်ဖြိုင်ထနေတဲ့ သူ့ရဲ့ခြေဖမိုးနဲ့ သစ်ပင်,ပင်စည်လိုမျိုး ခိုင်ခံ့သန်မာနေတဲ့ ခြေသလုံးတွေကို ကျွန်တော် သတိထားမိတယ်။

"သွားကြစို့သူကြီး"

သူကပြောတာနဲ့ ထိုင်နေရာကနေ ကျွန်တော် မော့ကြည့်လိုက်တယ်။ သူကလည်း ကျွန်တော့်ကို ငုံ့ကြည့်နေတာမို့ အကြည့်ချင်းကဆုံသွားပါတယ်။

သူ့ရဲ့မျက်လုံးတွေက ကြယ်ကလေးတွေလိုမျိုး တလက်လက်တောက်ပနေတယ်။ နှာတံကဖြောင့်ပြီး V Shape ပုံစံမျက်နှာကျမို့ အတော်လေးကို ကြည့်ကောင်းပါတယ်။ မကောင်းတာကတော့ တစ်ခုပဲ.. အဲ့ဒါက သူ့ရဲ့ဆံပင်ကေဟာ ဘုတ်သိုက်ဖြစ်နေတာပါ။

ကျွန်တော် ခေါင်းတညိတ်ညိတ်လုပ်ပြီး မတ်တတ်ထရပ်လိုက်တယ်။ အဲ့လိုရပ်လိုက်မှ သူ့ရဲ့ မပြည့်စုံတဲ့ နောက်တစ်ချက်ကိုလည်း သတိထားမိပြန်ပါတယ်။ အဲ့ဒါကတော့ အရပ်ပုတာပါ။ သူ့ကို တစ်ယောက်တည်းကြည့်ရင် အရပ်ရှည်တယ်လို့ ထင်ရပေမယ့် ကျွန်တော်နဲ့ယှဉ်လိုက်တဲ့အခါမှာတော့ သူဟာ ကျွန်တော့်ထက် နှစ်လက်မလောက်ပုနေပါတယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now