အမြစ်တော်တစ်ယောက် ကျွန်တော့်ကို စိတ်ပျက်တယ်ဆိုပြီး ထွက်သွားလိုက်တာ နေ့ခင်း ထမင်းစာချိန်အထိကို ပြန်ပေါ်မလာခဲ့ပါ။ သူမလာသေးတော့ ကျွန်တော်တစ်ယောက်တည်း စားမယ်လေဆိုပြီး ကြောင်အိမ်ဖွင့်ကြည့်လိုက်တော့ ဘာဟင်းမှချက်ထားတာကိုမတွေ့ရဘူး။ ဟင်းတင်မဟုတ်ပါဘူး၊ ထမင်းကိုလည်း မတွေ့ရတာနဲ့ ကျွန်တော်စိတ်ပျက်သွားတယ်။
ဗိုက်ကလည်း အလွန်ဆာနေပြီမို့ ကိုယ့်သာသာကိုယ် ချက်စားရင်ကောင်းမလားလို့ တွေးမိပြီး ဆန်အိုးကိုဖွင့်ကြည့်လိုက်တော့ ဆန်က တစ်စေ့မှရှိမနေ။ သြော်... ဘဝ ဘဝ အတော်ဆိုးတဲ့ဘဝပဲ။ နောက်များတော့ အမြစ်တော်ကို စိတ်ဆိုးအောင်မလုပ်မိဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
"သူကြီးရေ... ဗျိုးသူကြီး"
အပြင်ကခေါ်သံကြားလို့ အောက်ထပ်ဆင်းပြီး ကြည့်လိုက်တော့ ဦးလေးသိန်းဖေရဲ့သမီး ထွေးငယ်ကို တွေ့လိုက်ရတယ်။
"ဟာ ထွေးငယ်ပါလား... လာလေ ဘာကိစ္စရှိလို့တုန်း"
"ဘာကိစ္စမှတော့မရှိပါဘူးသူကြီးရယ်... ဒီမှာ အမြစ်တော်က သူ့အိမ်မှာ ဘာမှမချက်ထားခဲ့ရလို့ သူကြီးအတွက် တစ်ခုခုပို့ပေးပါဆိုတာနဲ့ ထမင်း၊ ဟင်းတွေ လာပို့တာ"
ပြောပြောဆိုဆိုနဲ့ ထွေးငယ်က ထနောင်းပင်အောက်က ကွပ်ပျစ်မှာ ဝင်ထိုင်ပြီး ယူလာတဲ့ ထမင်းချိုင့်ကို ဖွင့်တယ်။
"အဲ့ကောင် အခု ထွေးငယ်တို့အိမ်မှာလား"
"မဟုတ်ဘူး။ အမြစ်တော်က ရေစည်တိုက်နေတာ..."
"ဟမ်! ဒါဆို သူကျတော့ ဘယ်မှာစားမလဲ"
"သူက ဘုန်းကြီးကျောင်းမှာ စားမယ်လိုပြောတယ်"
ဒီလိုကြားရတော့လည်း ကျွန်တော်စိတ်မကောင်း... သူ့ခများ စိတ်ဆိုးနေတာတောင် ကျွန်တော့်အတွက် တွေးပေးရှာတာကို...
" ထွေးငယ်... ချိုင့်လေးထားခဲ့လို့ရမလား... ကျွန်တော် အခု ဗိုက်မဆာသေးလို့လေ.."
"ရတယ်သူကြီး.. ထွေးငယ် ညနေခင်းကျမှ တစ်ခေါက်ပြန်လာယူပေးမယ်လေ"