"အမြစ်တော်"
"ဗျာ.."
"ဒီလိုလုပ်လို့မရဘူးဆိုတာ မင်းသိတယ်မလား"
ဘာမှထပ်မပြောဘဲ ကျွန်တော့်ပါးကိုပဲ ထပ်ခါထပ်ခါနမ်းနေတာကြောင့် ကျွန်တော်မေးလိုက်တယ်။
"ငါ့ဆီက ခွင့်ပြုချက်မရဘဲနဲ့ မင်း ငါ့ပါးကိုနမ်းနေတာ ဘယ်နှစ်နာရီတောင်ရှိပြီတုန်း ဒီလိုလုပ်လို့မရဘူးလေကွာ"
ကျွန်တော်ထပ်ပြောလိုက်တော့ နမ်းနေတာရပ်သွားတယ်။ ပြီးတော့ လေသံတိုးလေးနဲ့ပဲ...
"သူကြီး အိပ်နေပြီမဟုတ်ဘူးလား"
"......"
"မအိပ်ရသေးဘူးကွ... မင်း ငါ့ကို ချစ်တယ်လို့ဖွင့်ပြောထားတာကို ငါက ဘယ်လိုလုပ် အိပ်ပျော်မှာတုန်း"
"ကျုပ်... ကျုပ်က... သူကြီးအိပ်နေပြီထင်လို့"
"......"
ဒါကဘာသဘောတုန်း။ ကျွန်တော်အိပ်ပျော်သွားတိုင်း သူ အမြဲနမ်းတယ်ဆိုတဲ့သဘောလား။
"မင်း... ငါနှုတ်ခမ်းတွေရောင်လိုက်၊ ပါးတွေနာလိုက်ဖြစ်နေတာက လက်စသတ်တော့ မင်းလက်ချက်ပေါ့"
"ကျုပ်အိပ်ပါပြီ"
"ဘာ! အမြစ်တော် ဟိတ်ကောင်"
တုံ့ပြန်မှုမရှိတော့၊ ဘာစကားမှလည်းထပ်မဆိုသလို လူကလည်း လုံးဝမလှုပ်တော့ဘူး။
ဒါပေမဲ့ မကြာပါဘူး နောက်ထပ်တစ်နာရီလောက်ကြာတော့ အမြစ်တော်တစ်ယောက် ကျွန်တော့်ကို အိပ်ပြီလားလို့ မေးလာတာကို ကြားလိုက်ရတယ်။ စိတ်ပေါက်ပေါက်နဲ့ အေးလို့ပြန်ဖြေလိုက်တော့
"အိပ်ပျော်သွားပြီပဲ"တဲ့ အမြစ်တော်က ခပ်တိုးတိုးရေရွတ်တယ်။ အဲ့တော့ ကျွန်တော်လည်း ဘာမှပြန်မပြောနေတော့ဘဲ အိပ်ချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ်။
အမြစ်တော်က ကျွန်တော် တကယ်အိပ်ပျော်နေပြီလို့ ယုံလို့ထင်ပါရဲ့ အိပ်နေရာကနေ ထထိုင်ပြီး ဖယောင်းတိုင်မီးကို ထွန်းတယ်။ ပြီးတာနဲ့ ကျွန်တော့်လက်နှစ်ဖက်ကို တစ်ဖက်ချင်းယူပြီး ခပ်ဖွဖွကိုင်နေတယ်။ ကျွန်တော် မျက်လုံးမှိတ်ထားလို့ သူ့မျက်နှာအမူအယာကို မသိရပေမယ့် ကျွန်တော့်လက် အဆင်ပြေရဲ့လားဆိုတာကို ကြည့်တာထင်ပါတယ်။