"သားတို့... မကြာမကြာ အလည်လာခဲ့ကြနော်"
"ဟုတ်ကဲ့ မား... ကျန်းမာရေးဂရုစိုက်နော်... သားတို့သွားတော့မယ်၊ ဒယ်ဒီ သားတို့သွားတော့မယ်နော်"
"အင်း... မင်းမာမီပြောသလိုပဲ မကြာမကြာ မလည်လာခဲ့ကြကွာ"
"ဟုတ်ကဲ့... ကျွန်တော်ကြိုးစားပါ့မယ်"
ကျွန်တော်တို့ ရန်ကုန်မှာ တစ်ပတ်ပဲနေဖြစ်ပြီး ရွာကိုပြန်လာခဲ့လိုက်တယ်။ အစကတော့ နှစ်ပတ်လောက်နေဖို့ပါပဲ... ဒါပေမဲ့ မထင်မှတ်ထားတဲ့ တစ်ညမှာ မားငိုနေတာကို ကျွန်တော်မြင်ခဲ့ရတယ်။ ဘာကြောင့်ငိုနေတာလဲဆိုပြီး သွားမေးဖို့ပြင်လိုက်ပေမဲ့ ကျွန်တော့်ထက်အရင် ဒယ်ဒီကရောက်သွားပြီး မားကိုမေးတယ်။
"အမေကြီး... ဘာဖြစ်လို့တုန်း... ဘာလို့ငိုနေတာတုန်းကွာ"
ဒယ်ဒီ့အမေးစကားကြောင့် မားဆီကနေ ရှိုက်သံတွေပိုထွက်လာပြီး အသံလေးတုံတုံယင်ယင်နဲ့
"သားက... သားသားက အရမ်းပျော်နေရှာတယ် အကိုကြီးရယ်... ညနေတုန်းကလည်း ကျွန်မကို ကျေးဇူးအရမ်းတင်ပါတယ်ဆိုပြီး ပါးကိုလာနမ်းတယ်"
"အဲ့ဒါမကောင်းဘူးလားအမေကြီးရယ်... သားက သူ့ကိုနားလည်ပေးလို့ ကိုယ်တို့ကို ကျေးဇူးတင်နေတာနေမှာ"
"အမှန်တိုင်းပြောရရင် ကျွန်မ သားကိုနှမြောတယ်၊ သားက ဒီလိုမျိုး တိမ်ကောသွားရမယ့်လူမျိုးမဟုတ်ဘူးလေ... ဒါပေမဲ့ ဒါပေမဲ့ အကိုကြီးရယ်... သားကပျော်နေတယ်၊ သားကပျော်နေတာမို့ ကျွန်မ... "
"ကိုယ်တို့ ကတိထားခဲ့ကြတယ်လေမြရယ်... သားရဲ့အချစ်ရေးကိုတော့ ဘယ်တော့မှ ကန့်ကွက်မှာမဟုတ်ဘူးဆိုပြီး"
"မှန်ပါတယ်၊ ကျွန်မတို့ ကတိထားခဲ့ကြတယ်၊ အဲ့ဒါကြောင့်လည်း ကျွန်မ မကန့်ကွက်ဘဲ သားကောင်လေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ်။ ပြီးတော့ ကျွန်မလည်း သူ့ကိုချစ်ပါတယ်။ ဒါပေမဲ့ အကိုကြီးရယ်... ရင်ကတော့နာတာပေါ့"
ဆက်ပြောနေကြတာတွေကိုတော့ ကျွန်တော်နားမထောင်တော့ဘူး။ ကျွန်တော့်အတွက်နဲ့ မိဘတွေ မျက်ရည်ကျတာမျိုးကိုလည်း ကျွန်တော်မကြိုက်သလို၊ တစ်ဖက်က သနားစရာကောင်းတဲ့ ကလေးကိုလည်း ကျွန်တော်ပစ်မထားရက်ဘူး။ ပြီးတော့ မားစိတ်ထဲ ကျွန်တော်က လိင်တူချစ်ကြိုက်တဲ့သူမို့ ဘာမှရှေ့ဆက်ပြီး တိုးတက်လာမှမဟုတ်တော့ဘူးလို့ ထင်နေတာကိုလည်း ကျွန်တော်မကြိုက်ဘူး။