"မင်းတို့ရွာမှာ ရန်တွေဘာတွေ ခဏခဏဖြစ်ကြလား"
ရေစည်လှည်းပေါ်ကနေ ထိုင်လိုက်လာရင်းနဲ့မှ ကျွန်တော့်ကိုမေးလာခြင်းဖြစ်တယ်။
"သေလောက်အောင်ဖြစ်တာပေါ့"
ကျွန်တော့်အဖြေကိုကြားတော့ သွားတန်းလေးတွေပေါ်အောင် ပြုံးရယ်တယ်။ ဘာဖြစ်လို့ပြုံးမှန်း မသိပေမယ့် သွားလေးတွေကဖွေးပြီး ညီညီစီစီနဲ့မို့ သူကြီးပြုံးတာ အတော်လေး ကြည့်ကောင်းတယ်။
"မင်းတို့ရွာမှာ ထန်းပင်တွေလည်းပေါတယ်နော်။ ထန်းရည်ရောရလား"
လယ်တောထဲက ထန်းပင်တွေကိုကြည့်ပြီး ထပ်မေးလာပြန်ပါတယ်။
"ရတယ်။ သူကြီးသောက်ချင်လို့လား"
"မသောက်ချင်ပါဘူး။ ငါကသူကြီးလေ.. မူးနေလို့ကောင်းမလားကွ"
ပြောပြီး ရှုခင်းတွေကို ကြည့်ပြန်တယ်။ အဲ့လိုကြည့်ရင်းနဲ့မှ ငါးမိနစ်လောက်ကြာတော့
"ညောင်းရင်ပြောလေ.. ငါဝိုင်းတွန်းပေးမယ်နော်"တဲ့၊ ပြောလည်းပြောရင်း ဟီးခနဲက ရယ်ပြလိုက်သေးတယ်။ ဘယ်လိုသူကြီးလေးမှန်းလဲ မသိပါဘူး။"နောက်ကျောမှာ အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေတွေ့တယ်။ ဘာဖြစ်ထားတာတုန်း"
ရေချိုးတုန်းကမြင်လိုက်တာမို့ ထုတ်မေးလိုက်တယ်။ ဖြူတဲ့အသားအရေမို့ ဒဏ်ရာတွေက အတော်လေးကို သိသာတယ်။ အဲ့ဒီဒဏ်ရာတွေကြောင့်ပဲ သူကြီးကို လှည်းပေါ်တက်ခိုင်းလိုက်တာ။ ဘာကြောင့်ထိခိုက်ထားမှန်းမသိပေမယ့် လမ်းလျှောက်ရင် ပင်ပန်းနေမှာမို့။ ကျွန်တော် အဲ့လိုထုတ်မေးတော့လည်း သူကြီးက ပြုံးပြုံးရွှင်ရွှင်ပါပဲ၊
"အောက်ကြမ်းခင်းက မာလို့လေ၊ အိမ်မှာတုန်းက မွေ့ရာနဲ့အိပ်ခဲ့တာဆိုတော့.."
သြော်.. လက်စသတ်တော့ ကျွန်တော့်အိမ်ကြောင့်ရခဲ့တာကိုး...
"မနာဘူးလား"
"နာတာပေါ့"
"မသိဘူးလေဗျာ၊ သူကြီးက ပြုံးရယ်နေတော့"
"ငိုနေလို့ရော.. နာတာကပျောက်သွားမှာတဲ့လား။ ထားပါ.. အဲ့ဒါက နောက်ကျ အသားကျသွားလိမ့်မယ်။ အခုတော့ ငါဗိုက်ဆာပြီ မင်း မြန်မြန်လေးတွန်းပါလား"