P_39 (Uni)

8.6K 839 63
                                    

"သူကြီး... ဧည့်သည်ပါလာတယ်ဗျို့"

ကြားလိုက်ရတဲ့အသံကြောင့် လှမ်းကြည့်လိုက်တော့ ကိုသံချောင်းနဲ့အတူ အသက်(၄၀)လောက်ရှိမယ့် အမျိုးသားတစ်ဦး ပါလာတာကို တွေ့လိုက်ရတယ်။ တစ်ခါမှ မမြင်ဖူးတဲ့သူမို့ ဘယ်သူလဲမသိပေမယ့်

"ဟုတ်ကဲ့... ထိုင်ပါခင်ဗျာ... ဒါနဲ့ ဘယ်သူလဲမသိဘူးဗျ"

"ဟုတ်ကဲ့... မြို့နယ်ပညာရေးမှူးက လွှတ်လိုက်တဲ့ ကျောင်းအုပ်ကြီးပါဗျ၊ ဒီမှာ ဒါက ခန့်စာပါ"

သူပေးလာတဲ့ စာအိတ်ကို ဖွင့်ဖောက်ကြည့်လိုက်တော့ တကယ်ပဲ မြို့နယ်ပညာရေးမှူးရုံးကနေ လွှတ်လိုက်တဲ့သူဖြစ်နေတာကို တွေ့ရတယ်။

"ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်ဗျာ... ကျွန်တော်တို့စောင့်နေတာကြာပြီဗျ... ကဲ အမြစ်တော် ရွာထဲသွားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်တွေကို ခေါ်ပေးပါဦး၊ ဒီမှာ ကျောင်းအုပ်နဲ့ မိတ်ဆက်ပေးရအောင်"

"ဟုတ်သူကြီး"

ပြောပြီး အမြစ်တော်က ချက်ချင်းသွားခေါ်တယ်။ သူထွက်သွားတာနဲ့ ကျွန်တော်ကလည်း ကျောင်းအုပ်ကို ကျောင်းနဲ့ပတ်သတ်သမျှတွေကို အကျဉ်းချုံ့ပြီး ပြောပြနေလိုက်တယ်။ အရင်ဦးဆုံး ကျောင်းဆောက်ဖြစ်ပုံ၊ နောက် သင်မယ့်ဆရာ မရှိသေးလို့ သူငယ်ချင်းဖြစ်သူနဲ့ ကိုရင်ကြီးကို အကူအညီတောင်းထားရပုံ၊ ပြီးတော့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းဖြစ်ပုံနဲ့ အသင်းဥက္ကဋ္ဌကတော့ အမြစ်တော်ဖြစ်ကြောင်းတို့ကို ပြောပြဖြစ်တယ်။

"ကျောင်းမှာ ဆရာတွေဘာတွေရောက်လာရင် နေဖို့ဆိုပြီး အခန်းအပိုတွေပါ ထည့်ဆောက်ထားတယ်ဆရာ... အဲ့ဒါကြောင့် ဆရာ့အနေနဲ့ နေစရာအတွက်ကိုတော့ ပူစရာမလိုဘူး။ စားတာကတော့ ရွာထဲမှာ ထမင်းဆိုင်ရှိတယ်ဆရာ၊ ကိုယ့်ဘာသာကိုယ် မချက်ချင်ရင် အဲ့မှာ ဝယ်စားလို့ရပါတယ်"

"ဟုတ်ကဲ့သူကြီး"

ကျွန်တော်တို့စကားပြောနေတုန်းမှာပဲ အမြစ်တော်တစ်ယောက် ပြန်ရောက်လာတယ်။ နောက်တော့ မကြာဘူး ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်တွေလည်း တဖွဲဖွဲရောက်လာကြတယ်။ အဲ့တော့ ကျွန်တော်က ရောက်လာတဲ့ကျောင်းအုပ်နဲ့ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေး၊ ရှေ့လျှောက် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲဘာညာမေးပြီး ကျောင်းအတွက်ကို တိုင်ပင်ဖြစ်တယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now