"အမြစ်တော်ရေ... မင်းကအလှူရှင်နော်... အဲ့ဒါကို ဘာလို့စွပ်ကျယ်လက်ပြတ်ကြီးတုန်း"
"ပူလို့သူကြီး"
"မလိုချင်ဘူး... သွား... ကောင်းတဲ့အင်္ကျီပြန်သွားလဲချည်"
တကယ်ပါပဲ။ ဒီနေ့က စာကြည့်တိုက်ဖွင့်ပွဲနေ့မို့ ရွာသူ၊ရွာသားတွေကို ကြာဇံဟင်းတိုက်၊ ပြီးရင် စာကြည့်တိုက်အသုံးပြုပုံနဲ့ ဝန်ထမ်းဘာညာအကြောင်းကို ကျွန်တော်ကရှင်းပြပြီး နောက်ဆုံးအနေနဲ့ အလှူရှင်ဖြစ်တဲ့ အမြစ်တော်က မိန့်ခွန်းပြောကြားရမှာဖြစ်တယ်။ အဲ့ဒါကြောင့် သားသားနားနားလေး ဝတ်ခဲ့ပါဆိုတာကို စွပ်ကျယ်အင်္ကျီ ဝတ်လာတယ်တဲ့... ပြန်လဲခိုင်းတော့လည်း ဘာတဲ့ ဒါက စွပ်ကျယ်အသစ်ဆိုပဲ...
"မင်းမှာလေ စတစ်လက်ရှည်တို့ဘာတို့မရှိဘူးလား။ အခု ငါဝတ်ထားသလိုမျိုးလေ"
"မရှိဘူးသူကြီး... လက်ရှည်ဆို အကွက်တွေပဲရှိတယ်"
သူ့ရဲ့အဖြေစကားကြောင့် ကျွန်တော်စိတ်မကောင်း။ သေချာပြန်စဉ်းစားကြည့်တော့လည်း အမြစ်တော်က ဘယ်တော့မှ အဝတ်အစားကို မဝယ်ဖူးသလို အဝတ်အစားမှမဟုတ်ပါဘူး သူ့အတွက် အသုံးအဆောင်ပစ္စည်းရယ်လို့ကို တစ်ခါမှမဝယ်ဖူးဘူး။ သူက အမြဲတမ်း ကျွန်တော်ဝယ်ခိုင်းတာကိုပဲဝယ်ပြီး ကျွန်တော်ခိုင်းတာကိုပဲ လုပ်နေခဲ့တာ။ အဲ့တော့ သူ နေ့တိုင်းနေ့တိုင်း စွပ်ကျယ်လေးနဲ့နေနေတာကို ကြည့်ကောင်းတယ်ဆိုပြီး ဒီအတိုင်းနေနေခဲ့တဲ့ ကျွန်တော့်အပြစ်တွေပါပဲ။
"ဘယ်လိုလုပ်ရမလဲအမြစ်တော်ရာ ငါ့အဝတ်တွေနဲ့လည်း မင်းကတော်မှာမဟုတ်ဘူး"
"ရပါတယ်သူကြီးရဲ့ စွပ်ကျယ်ဝတ်တော့လည်း ဘာဖြစ်တုန်း အပူတောင်သက်သာသေးတာကို"
"မင်းကအလှူရှင်လေကွာ... အဲ့ဒါကြောင့် သားသားနားနားလေးတော့ ရှိသင့်တာပေါ့"
"မလိုပါဘူးဗျာ... ရွာထဲကလူတွေအကုန်လုံးက ကျုပ်ကို သိနေကြတာပဲလေ... အဲ့ဒါကြောင့် ကျုပ်ဘာသာကျုပ် ဘယ်လိုဝတ်ဝတ် ကိစ္စမရှိပါဘူး"
"ဒီတစ်ခေါက် မြို့ကိုရောက်ရင် ငါ မင်းကို မှတ်မှတ်ရရ ဝယ်ပေးပါ့မယ်အမြစ်တော်"