ထမင်းစားပြီးကတည်းက အမြစ်တော်တစ်ယောက် အိမ်ကထွက်သွားလိုက်တာ ညဥ့်နက်တဲ့အချိန်အထိကို ပြန်ရောက်မလာပါ။ အစကတော့ ကျွန်တော် သူ့ကိုစောင့်နေသေးတယ်။ အရမ်းညဥ့်နက်လာတော့ ကျွန်တော်လည်း အိပ်ချင်လာတာနဲ့ မစောင့်တော့ဘဲ ဝင်ပြီးအိပ်ပစ်လိုက်တယ်။ ဒါပေမဲ့ အဲ့လို ကျွန်တော်ဝင်အိပ်ပြီးမကြာပါဘူး.. အမြစ်တော်တစ်ယောက် ကျွန်တော့်ခြင်ထောင်ဘေး ရောက်လာပြီး သူကြီး.. သူကြီးနဲ့ ကိုင်လှုပ်ပြီးနှိုးတာနဲ့ ကျွန်တော် ပြန်နိုးလာရတယ်။
"ဘာတုန်းအမြစ်တော်ရာ.. ငါအခုမှ အိပ်ပျော်တာကို"
ငြူငြူစူစူနဲ့ ကျွန်တော်ကပြောလိုက်တော့ အမြစ်တော်က..
"မနက်ဖြန်ကျ မြို့ကို နေမထွက်ခင်သွားရအောင်.."တဲ့ ပြန်ပြောတယ်။
"ဟင်! လမ်းလျှောက်ရမှာလား"
" မလျှောက်ရဘူး.. ကိုရင်ဖိုးဉာဏ်က သူလိုက်ပို့ပေးမယ်တဲ့"
"ဟုတ်လား... အင်း.. အင်း.. အင်း...."
အင်းရင်းနဲ့ပဲ ကျွန်တော်ပြန်ပြီး အိပ်ပျော်သွားတယ်။ အမြစ်တော်ကတော့ ဆက်ပြောနေသေးတယ်ထင်တာပဲ၊ ကျွန်တော် အိပ်ပျော်နေပေမဲ့ နားထဲမှာ ဘာလိုလိုညာလိုလို စကားသံတွေတော့ကြားနေသေးတယ်။ ပိုဆိုးတာက ကျွန်တော်လည်း အိပ်ရင်းနဲ့ ဘာတွေပြန်ပြောနေမိမှန်း မသိဘူး။ ပြောတော့ပြောနေတာပဲ။ ဘာတွေပြောနေမှန်းသာမသိတာ။
မနက်ခင်းကျတော့ အမြစ်တော်က ကျွန်တော့်ကို အစောကြီးလာနှိုးတယ်။
"သူကြီး! ထတော့လေး.. နောက်ကျရင်နေပူနေမယ်"
အမြစ်တော်ရဲ့စကားကြောင့် ကျွန်တော် ဇဝေဇဝါဖြစ်သွားရတယ်။
"ဘယ်သွားမလို့တုန်း"
"မြို့လေ.. ညတုန်းက ပြောထားတယ်လေဗျာ၊ နေမထွက်ခင်သွားရအောင်လို့"
"ဟမ်!! ဘယ်တုန်းကပြောတာတုန်း.. ညတုန်းက မင်းပြန်မရောက်ခင် ငါအိပ်ပျော်သွားတာလေ"
"ဟာဗျာ.. ကျုပ်ပြန်ရောက်တော့ သူကြီးကိုနှိုးပြီး ပြောလိုက်တာလေ၊ သူကြီးတောင် အင်းအင်းဆို"