အိမ်ပြန်ရောက်တော့ တကယ်ကြီး ကျွန်တော်က ဘောင်းဘီကို တင်ပါးနှစ်လုံးအောက်ဆွဲချပြီး ဝမ်းလျားမှောက်ပေးရတယ်။ အမြစ်တော်က မီးအိမ်နဲ့ ကျွန်တော့်တင်ပါးနှစ်ဖက်ကို သေသေချာချာကြည့်တယ်။ တစ်ခါတစ်ခါလည်း ကိုင်တယ်။ ကိုင်တယ်ဆိုလို့ တစ်မျိုးတော့မထင်ကြပါနဲ့.. ခြင်ကိုက်ဖုတွေကိုကိုင်တာပါ။
"ယားသေးလားသူကြီး.. ယားရင် ရေနွေးအိုးသွားကျိုမလို့"
"ယားနေသေးတယ်"
"အင်း.. အဲ့ဒါဆိုရင် ကျုပ် ရေနွေးအိုးသွားကျိုလိုက်ဦးမယ်.. သူကြီးက ဘောင်းဘီကို ပြန်ဆွဲတင်မနေပါနဲ့တော့၊ ပြန်ဝတ်လိုက် ပြန်ချွတ်လိုက်နဲ့ဆို အလုပ်ရှုပ်နေလိမ့်မယ်။ အဲ့တော့ ဒီအနေအထားနဲ့ပဲစောင့်နေ.. အိပ်ချင်လာရင်လည်း အိပ်ပစ်လိုက်... ခြင်ထပ်မကိုက်အောင် ကျုပ် ခြင်ထောင်ချပေးထားခဲ့မယ်"
"အင်း"
ပြောပြောဆိုဆိုပဲ အမြစ်တော်က ခြင်ထောင်ကိုချပြီး ကျွန်တော့်ကိုလည်း ခြင်ထောင်အတွင်းထဲ ထည့်ပေးပြီး ရေနွေးအိုးသွားကျိုလေတယ်။ ကျွန်တော်ကတော့ သူ့အလာကိုစောင့်နေရင်းနဲ့မှ မှေးခနဲ... နောက် တင်ပါးနေရာက နွေးတေးတေး အထိအတွေ့ကြောင့် ပြန်နိုးလာမှ အမြစ်တော်တစ်ယောက် ကျွန်တော့်တင်ပါးကို ရေနွေး ခပ်နွေးနွေးစွတ်ထားတဲ့အဝတ်နဲ့ ထိပွတ်နေတာကို ခံစားမိတယ်။
"ဘယ်လိုလဲသူကြီး.. ခံစားလို့ကောင်းလား"
"အေး.. နွေးပြီး စပ်ဖျဥ်းဖျဥ်းလေးကွ.. ခံစားလို့ကောင်းတယ်"
ကောင်းကောင်းနဲ့ ကျွန်တော်မှိန်းခံနေလိုက်တာ မကြာပါဘူး၊ အိမ်အပြင်ဘက်ကနေ "သူကြီးရေ.. သူကြီး.. ဗျိုးသူကြီး"ဆိုတဲ့ အသံကိုကြားလိုက်ရတာကြောင့် ကျွန်တော်အရှိန်ပျက်သွားရတယ်။
"ညကြီးအချိန်မတော်ကို ဘယ်သူတုန်းကွာ"
"နေ.. နေ.. သူကြီး ကျုပ်သွားလိုက်မယ်"
ပြောပြောဆိုဆိုပဲ အမြစ်တော်က ကျွန်တော့်ဘေးကနေထ၊ ပြတင်းပေါက်တစ်ပေါက်ကိုဖွင့်လိုက်ပြီး
"ဟေ့ကောင်ဖိုးခွေး.. ဘာတုန်းကွ သူကြီးကအိပ်နေပြီ"
"ဟာ အမြစ်တော်.. အိပ်နေရင် အမြန်နှိုးပေးစမ်းပါကွာ.. ဒီမှာ ဒေါ်ပုမတို့လင်မယား ရန်ဖြစ်နေလို့ကွ.. တုတ်တပြပြ ဓားတပြပြနဲ့ ဖြစ်နေကြလို့"