"သူကြီးလို့..."
"ဘာတုန်းအမြစ်တော်ရာ... မင်း မမောသေးဘူးလား"
တကယ်ပါ။ ဒီနေ့ည အိပ်ရာစဝင်ကတည်းက သူ ကျွန်တော့်ကိုပဲ စကားလိုက်ပြောနေတာ နှစ်နာရီလောက်ရှိပြီ။ စကားကိုလည်း ဟိုအကြောင်း၊ ဒီအကြောင်း၊ ရပ်အကြောင်း၊ ရွာအကြောင်းကိုပြောရင် ကျွန်တော်စိတ်မဆိုးပါဘူး။ မဟုတ်လည်း ကျွန်တော်တို့ရှေ့ရေးကိုပြောဗျာ... အဲ့ဒါဆို ကျွန်တော်လက်ခံသေးတယ်။ အခုဟာက အရည်မရ အဖက်မရနဲ့...
"ကျုပ်ကိုချစ်လားလို့... ဘယ်လောက်လောက်ချစ်တုန်း"
"ချစ်တယ်လို့ ငါပြောနေတာ အကြိမ်နှစ်ရာမကတော့ဘူးအမြစ်တော်"
"ကျုပ်လည်း သူကြီးကို သိပ်ချစ်တယ်"
"သိတယ်... မင်းသိပ်ချစ်တယ်ဆိုတာကိုငါသိတယ်။ အဲ့တော့ အိပ်ကြရအောင်နော်။ မနက်ကျရင်လည်း စောစောထရအုံးမယ်မလား"
"ဟုတ်... "
ဟုတ်ဆိုပြီး ကျွန်တော့်ကိုဆွဲပြီး သူ့ရင်ခွင်ထဲထည့်နေတာကြောင့် ပူတယ်ဆိုပြီး ကျွန်တော်ငြင်းပစ်လိုက်တယ်။ ဟုတ်တယ်။ အရင်နေ့တွေတုန်းက သူဝမ်းနည်းနေတာမို့ ပူလည်း ကြိတ်မှိတ်ခံပြီး အလိုလိုက်ထားရတာ၊ အခုကျ သူလည်းပျော်နေပြီဆိုတော့ ကျွန်တော်လည်း အလိုမလိုက်ချင်တော့ဘူး။
"ဒါဆိုခဏလေးနော်သူကြီး"
ပြောပြီး အမြစ်တော်က ခြင်ထောင်အပြင်ကိုထွက်တယ်။ နောက် သုံးမိနစ်လောက်ကြာတော့ ယပ်တောင်တစ်ချောင်းနဲ့အတူ ပြန်ရောက်လာပြီး ကျွန်တော့်ကိုခတ်သိပ်တယ်။
"အေးလားသူကြီး"
သူ့အမေးကြောင့် သဘောကျလို့ ကျွန်တော်ပြုံးတော့ သူကလည်း ပြန်ပြုံးပြတယ်။ ဖယောင်းတိုင်မီးရောင်အောက်မို့ သူ့အပြုံးက သိပ်မပီပြင်ပေမဲ့ ကျွန်တော်ရင်ထဲအေးချမ်းတယ်။
တန်ပါတယ်။ ကျွန်တော့်ရွေးချယ်မှုက သူ့အပြုံးနဲ့တင်တန်တယ်။
"ပျော်နေတာလား အမြစ်တော်"
"ဟုတ်တယ်သူကြီး... အရမ်းအရမ်းကိုပျော်တယ်"
"အင်း... ငါအိပ်တော့မယ်နော်... ငါအိပ်ပျော်သွားတာနဲ့ ယပ်တောင်ခတ်တာကိုရပ်ပြီး မင်းလည်းအိပ်နော်"