မင်္ဂလာဆောင်ပြီး တစ်ပတ်အကြာမှာတော့ သိုးမွှေးနဲ့ အင်္ကျီထိုးတတ်တဲ့သူတွေ့တာနဲ့ ကျွန်တော်တို့က မြို့ကိုတက်ပြီး သိုးမွှေးကို လုံလုံလောက်လောက် သွားဝယ်ဖြစ်ကြတယ်။ သွားတာကတော့ လှည်းနဲ့ပါ။ ကားက အခုထိမဝယ်ရသေးတော့ လမ်းကြီးပြီးသွားပေမဲ့လည်း လှည်းနဲ့ပဲသွားနေရတယ်။
အစကတော့ ဆိုင်ကယ်နဲ့သွားဖို့ တွေးပါသေးတယ်။ ဒါပေမဲ့ သယ်ရမှာတွေများနေတာနဲ့ လှည်းနဲ့ပဲသွားဖြစ်တော့တယ်။
"ဘာအရောင်ကြိုက်တုန်းသူကြီး"
လှည်းမောင်းနေရင်း ပြုံးရွှင်စွာ မေးလာတဲ့အမြစ်တော်ကြောင့် ကျွန်တော်က နားမလည်းသလို မျက်မှောင်ကြုတ်ရင်း...
"အနီရောင်... ဘာလို့မေးတာတုန်း"
"သိချင်လို့... စပ်မယ်ဆိုရင်ရော ဘယ်အရောင်နဲ့စပ်ချင်တုန်း"
"အဖြူ... နေပါဦး ဘာလို့မေးတာတုန်းလို့"
"သိချင်လို့ပါဆို... "
"မဟုတ်သေးပါဘူး... မင်းကဘာလို့သိချင်တာတုန်း"
"သြော် သူကြီးရယ်... သူကြီးက ကျုပ်ခင်ပွန်းမို့ ကျုပ်ခင်ပွန်းအကြိုက်ကိုသိချင်တာက ဆန်းသလား"
"..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... အပိုတွေမပြောဘဲ ကားဝယ်နိုင်အောင်သာ အမြန်ဆုံးလုပ်စမ်းပါ ဟုတ်ပြီလား"
"စိတ်ချပါပိစိလေးရ... ပိစိလေး ကို့ကို စိတ်မပျက်စေရပါဘူး"
ဆိုတော့ ကျွန်တော် အတော်လေး စိတ်ကျေနပ်သွားတယ်။ သို့သော် သူ အဲ့လို စိတ်မပျက်စေရပါဘူးလို့ပြောပြီး နောက်တစ်နေကစလို့ သုံးရက်တိတိပဲ သူ အပြင်ကို လစ်လစ်သွားတယ်။ ဘယ်သွားနေတာလဲလို့ ကျွန်တော်ကမေးရင်လည်း မဖြေဘူး။ ပထမ တစ်ရက်၊ နှစ်ရက်ကိုတော့ ကျွန်တော်က ဘာမှမပြောပါဘူး၊ တစ်နေကုန်ကြီးတောင် မင်း ဘယ်ကိုသွားနေတာလဲဆိုတာလောက်ပဲ မေးဖြစ်တယ်။ ဒါပေမဲ့ သူက မဖြေတော့ ကျွန်တော်လည်း စိတ်တိုတယ်လေ၊ ပြီးတော့ အရင်ကဆို သူ ကျွန်တော့်ကို တစ်ခါမှမညာဖူးဘဲ၊ အခု ယူပြီးမှ ဒီအချိုးချိုးတယ်ဆိုတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ... စိတ်အချဉ်ပေါက်စရာမကောင်းဘူးလား။