"လိုချင်လို့လား"
ပါလာတဲ့ ပဲယို၊ နှမ်းယိုတွေကို ရန်ကုန်ကားပေါ်တင်ပြီးတာနဲ့ အမြစ်တော်တစ်ယောက် စောင်တွေ၊ ခြင်ထောင်တွေ ရောင်းတဲ့ဆိုင်ရှေ့မှာ ရပ်ပြီး အတွင်းကိုငေးနေတာကြောင့် ကျွန်တော်မေးလိုက်တယ်။
"အင်း... သူကြီးက အေးတယ်ဆိုလို့လေ... တစ်ထည်လောက် ဝယ်မလားလို့"
"ဝယ်လေ... မင်းကြိုက်တဲ့အရောင်ရွေးလိုက် သွား"
ကျွန်တော်ပြောလိုက်တော့ သူပြုံးပြီး ဆိုင်ထဲကို အပြေးကလေးဝင်သွားတယ်။ လိုချင်တာရသွားတဲ့ ကလေးတစ်ယောက်လိုအပြုအမူကြောင့် ကျွန်တော်ပါ အလိုလိုပြုံးမိလာတယ်။
တစ်ခါတလေတော့ အမြစ်တော်က ချစ်ဖို့ကောင်းတယ်၊ အခုလိုမျိုး သူလိုချင်တာကို ရသွားတဲ့အခါမျိုးတွေမှာပေါ့။ ဘယ်လောက်ပဲ ရင့်ကျက်ရင့်ကျက် နဂိုအရွယ်ဖြစ်တဲ့ ကလေးဗီဇကတော့ ပြန်ပေါ်လာတာပဲ။
"သူကြီး... အပေတေခံအောင်လို့ အညိုရောင်လေးယူလိုက်မယ်နော်"
"မင်းကြိုက်တာယူ... ငါကကိစ္စမရှိဘူး"
ဆိုတော့ သူပြောတဲ့အတိုင်းပဲ အညိုရောင်လေးကို ရွေးလိုက်တယ်။ နောက်တော့ ကျွန်တော်တို့ အမှိုက်ခြင်းဆိုင်သွားပြီး ခြင်းတွေဝယ်ရတယ်။ တစ်ဆိုင်တည်းနဲ့မလုံလောက်လို့ သုံး၊လေးဆိုင်ခွဲပြီးဝယ်ရတယ်။ အဲ့လိုဝယ်ပြီး ငွေရှင်းပြီးတာနဲ့ သူတို့တွေကိုပဲ ကားပေါ်မှာ တစ်ခါတည်းသွားတင်ခိုင်းလိုက်တယ်။ အရေအတွက်အများကြီးဝယ်တဲ့သူမို့ သူတို့ကလည်း တင်ပေးတယ်။
နောက်တော့ ကျွန်တော်တို့ နေ့လယ်စာထမင်းစားကြတယ်။ စားပြီးတော့ အဝိုင်းခေါ်လာတဲ့လှည်းကို အရင်ပြန်ခိုင်းလိုက်ပြီး ကျွန်တော်နဲ့အမြစ်တော်ကတော့ ခင်ထက်ထက်နိုင်နဲ့ ဖုန်းပြောရတယ်။ သူနဲ့ စီးပွားရေးအကြောင်း ဘာဘာညာညာတိုင်ပင်ပြီး တစ်ပတ်စာ အရင်းနဲ့အမြတ်ကိုတွက်တယ်။ အဲ့လိုတွက်ပြီးတာနဲ့ ကျန်တဲ့အမြတ်ကို သူ့အတွက်ရာခိုင်နှုန်းနုတ်ပြီး ကျန်တာကို ကျွန်တော့်အကောင့်ထဲလွှဲပေးတယ်။
"ကဲ အမြစ်တော်... ငွေထုတ်ရင်းနဲ့ ပျိုးပင် သုံး၊လေးပင်လောက်ဝယ်ကြရအောင်"