Part - 4 (Unicode)

3.1K 356 19
                                    

"မိတ်ဆွေ"

>>>>>>>>

ပြောထားတဲ့ စကားအတိုင်း နောက်တစ်နေ့ မနက်ခင်း ငါးနာရီလောက်မှာ နေထွက်ချိန်ကို စောင့်ကြည့်ရန် Anyecoက ကျွန်တော့်အား လာနှိုးသည်။

မနေ့က အမှတ်တမဲ့ ပြောလိုက်တဲ့ ကျွန်တော့်စကားကို ကျွန်တော်ကိုယ်တိုင်တောင် အမှတ်မရတော့ပေမဲ့ Anyecoကတော့ အလေးထားကာ မှတ်ထား၏။

ပင်လယ်ကမ်းခြေရှိ အခြားသော ဟိုတယ်တွေက ဟိုတယ်မှ ထွက်လိုက်လျှင် တစ်ခါတည်း ကမ်းခြေကို တန်းရောက်ပေမဲ့ ကျွန်တော်တို့တည်းတဲ့ The Point Hotelကတော့ ကျောက်ဆောင်တွေဘက်မှာ တည်ဆောက်ထားတာကြောင့် အနည်းငယ် လမ်းလျှောက်ရသေးသည်။

နွေရာသီပိတ်ရက် ပျော်ပွဲစားထွက်လာသူ အများအပြားရှိပေမဲ့ နေထွက်ချိန်ကို တကူးတက ထွက်မကြည့်ကြတာကြောင့် မနက်ငါးနာရီအချိန်တွင် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ နှစ်ယောက်တည်းသာရှိ၏။ ညဆိုင်းကျတဲ့ ဟိုတယ် ဝန်ထမ်းတွေကြောင့် လူခြေတိတ်နေခြင်းတော့ မရှိ။ ပတ်ဝန်းကျင်းမှာ လူအရိပ်အယောင်လေးတော့ မြင်နေရသေး၏။

တိမ်ကင်းစင်နေသော ကောင်းကင်တွင် ကြယ်ရောင်၊လရောင်တို့က တဖြည်းဖြည်း ပျောက်ကွယ်စပြုနေပြီ။ နောက်ဆုံးလက်ကျန် လရောင်လေး ပျောက်ကွယ်သွားချိန်
ပင်လယ်ရဲ့ အရှေ့ဘက် အရပ်ဆီမှ ရောင်နီ ဖြန့်ကျက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရ၏။

အသက် (25)နှစ်အရွယ်ထိ နေထွက်ချိန်များစွာကို ကြုံဖူးလိမ့်မည်၊ မြင်တွေ့ဖူးလိမ့်မည်ဆိုပေမဲ့ ဒီတစ်ခါတော့ ခံစားချက်မတူ။ တစ်စုံတစ်ယောက်နဲ့အတူ နေထွက်ချိန်ကို စောင့်ကြည့်တယ်ဆိုတာ အမှတ်တရတစ်ခုထက်ပိုပြီး ရင်ခုန်၊စိတ်လှုပ်ရှားတယ်ဆိုတဲ့ ခံစားချက်လေး ဖြစ်ပေါ်၏။

"လှလိုက်တာ"

တိုးသည်လည်းမဟုတ် ကျယ်သည်လည်းမဟုတ်တဲ့ အသံဖြင့် ကျွန်တော် တအံ့တဩဆိုတော့ Anyecoက အသံထွက်သည်အထိ သဘောကျစွာ ရယ်သည်။ ပြီးမှ ကျွန်တော့်ကို ကြည့်ကာ ပြန်ဖြေလာ၏။

"အင်း...လှတယ်"

နိမ့်ရာကနေ တဖြည်းဖြည်း မြင့်တက်လာတဲ့ နေမင်းက သဘာဝအလှတရားရဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဟု တင်စားခေါ်ဝေါ်နိုင်သည်။ နေမင်းရဲ့အလင်းရောင် ပီပီပြင်ပြင် ပေါ်ထွက်လာချိန်မှာတော့ မိုးစင်စင်လင်းနေပြီ။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now