Part - 24 (Zawgyi)

567 29 0
                                    


"ပျောက်ဆုံးနေခဲ့သော တစ်စိတ်တစ်ပိုင်း"

>>>>>>

ပြက္ခဒိန်က ၁၆ ရက်ဆိုတဲ့ ဂဏန်းလေးကို စိုက်ကြည့်နေမိသည်။ ကျွန်တော်တို့ မြန်မာပြည်ရောက်တာ နှစ်ပတ်​ကျော်ခဲ့ပြီ။ အလုပ်မရှိ အကိုင်မရှိတဲ့ ကျွန်တော်က ပြဿနာမရှိပေမဲ့ အန်ရီကိုကတော့ မတူ။ ဆေးခွင့်တစ်လသာ တင်ခဲ့တာမို့ ပြန်ဖို့အချိန် နီးကပ်လာပြီ။

နဂိုအစီအစဉ်က နှစ်ယောက်စလုံး လူကြီးတွေနဲ့ တွေ့ဖို့ရယ်၊ ဆွမ်းကပ်ဖို့ရယ်သာ ရှိပေမဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေ ပေါ်လာတော့ မြန်မာပြည်မှာ ထင်တာထက် ပိုကြာသွားနိုင်သည်။ ကျွန်တော့်မှာ အန်ရီကိုရဲ့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ပူနေရ၏။ ဒီအလုပ်အကိုင်နဲ့ ပတ်သက်ပြီး သူဘယ်လောက် ရူးသွပ်သလဲ သိနေတော့
ခွင့်ရက်မပြည့်မီ မပြန်နိုင်မှာစိုးသည်။

"အား နွေးသွားတာပဲ ဒီရက်ပိုင်း အေးတယ်နော်"

ပြက္ခဒိန်ရှေ့မှာ ရပ်ပြီး တောင်ရောက် မြောက်ရောက် အတွေးလွန်နေစဉ် အနောက်ကနေ သိုင်းဖက်ခံလိုက်ရသည်။ ခါးပေါ်မှာ တင်းတင်းကြပ်ကြပ် ရစ်သိုင်းထားတဲ့ လက်တွေကို ကြည့်ပြီး ကျွန်တော့်မှာ သက်ပြင်းကြိတ်ချရသည်။

ကျွန်တော့်ရဲ့ ပုခုံးထက်မှာမှီရင်း သူ့နှာဖျားဖြင့် လည်ပင်းကို ပွတ်သပ်နေသေး၏။ နှုတ်ခမ်းမွှေးငုတ်တိုလေးတွေရဲ့ အထိအတွေ့က စူးခနဲ ခံစားရစေသည်။

"ဇူးရစ်မြို့ အေးတာနဲ့ ယှဉ်ရင် ခြေဖျားတောင် မမီဘဲနဲ့"

ပုံမှန်ဆို မအေးတတ်တဲ့ ရန်ကုန်ဆောင်းက ဒီရက်ပိုင်း အေးလာတာ သိသိသာသာ။ ဒါကို သိပေမဲ့ ရေတောင်ခဲသွားဖူးတဲ့ မြို့မှာ နေခဲ့တဲ့ ဇူးရစ်မြို့သားက ညည်းပြနေတော့ ကျွန်တော် အငေါ်တူးစကားဆိုလိုက်မိ၏။ ကျွန်တော့် စကားကြောင့် သူ့ရယ်သံ လွင်လွင်လေး အခန်းထဲတွင် ပျံ့လွင့်သွားသည်။

"ခင်ဗျား ခွင့်ရက် ပြည့်ခါနီးပြီနော်"

"ဒီပြက္ခဒိန်ကို မဝယ်ဘဲနေခဲ့ရမှာ။ ပြက္ခဒိန်ကို မကြည့်နဲ့ ကိုယ့်ကိုပဲ ကြည့်"

ကျွန်တော့်ကို ဖက်ထားရက်ပဲ ပြက္ခဒိန်နားထိ တိုးသွားပြီး ဆွဲဖြုတ်လိုက်တာ မြန်မြန်ဆန်ဆန်။ ကျွန်တော် အတွေးမလွန်အောင် ဟာသလိုလို အတည်လိုလို ပြောတဲ့ သူ့စကားက ကျွန်တော့်စိတ်ကို မငြိမ်းချမ်းစေပါ။ သူ မရှိဘဲ ကျွန်တော် မနေတတ်တော့တာ ခက်တာပဲ။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now