Part - 10 (Unicode)

2.6K 297 18
                                    

"ဝေးကွာနေချိန်"

>>>>>>>>>

"လာထိုင်ငေးနေပြန်ပြီ"

အသံလာရာသည် ကျွန်တော့် နောက်ကျောဘက်မှ ဖြစ်၏။

"ဟင်ဒီ..."

လှည့်မကြည့်ဘဲနဲ့ အလွတ်ရနေသူ တစ်ယောက်လို ကျွန်တော် ရေရွတ်လိုက်သည်။

"ထမင်းစားရအောင် လိုက်ရှာနေတာ"

ဟင်ဒီက အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးအရွယ် အမျိုးသား တစ်ယောက်။ ငါးဆယ်နီးပါးဆိုပေမဲ့ သန်သန်မာမာရှိတုန်းပင်။ ကျွန်တော့်ဖေဖေသာ ရှိနေသေးရင် ဟင်ဒီ့လိုပဲ ဖြစ်နေဦးမှာပဲ။

ပြောပြောဆိုဆိုပဲ ဟင်ဒီက ကျွန်တော့်ဘေးနား လာထိုင်သည်။

မော်ဆယ်ပင်လယ်ကနေ ထွက်ပြေးပြီး Betty's Bayကို ရောက်လာတဲ့ ကျွန်တော့်မှာ မိသားစုနဲ့ ပက်သက်ပြီး ရှိထားတဲ့ စိတ်ဒဏ်ရာအပြင် နှလုံးသားရေးရာ နာမကျန်းမှုပါ ပေါင်းပြီး လူက လဲတော့၏။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုသလို နေမကောင်းတဲ့ ကျွန်တော်က ဟိုတယ်မှာလည်း သွားမတည်းဘဲ သဲသောင်ပြင်မှာ ပေတေပြီး ထိုင်နေခဲ့မိ၏။

အဖျားကြီးပြီး သောင်ပြင်မှာ လဲကျနေတဲ့ ကျွန်တော့်ကို မည်သူကမှ သတိမထားမိခဲ့။ ညဘက်လမ်းလျှောက် ထွက်လာတဲ့ ဟင်ဒီသာ မတွေ့ခဲ့လျှင် ကျွန်တော်တော့ အဖျားကြီးပြီး သေမလား။ ဒါမှမဟုတ် ပင်လယ်လေအေးရဲ့ ဒဏ်နဲ့ လေဖြတ်မလားပင် မသိ။ ဟင်ဒီနဲ့ ကျွန်တော့်ရဲ့ တွေ့ဆုံမှု့က ဒီလိုစတင်ခဲ့၏။

အထီးကျန်တဲ့သူတွေက သူတို့နည်းတူ အထီးကျန်နေသူကို တွေ့တဲ့အခါ တကယ်ပဲ နားလည်တတ်ကြသလား။ ဟင်ဒီနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေး တည်မြဲနေတာကလည်း ဒီအချက်ကြောင့်ဖြစ်၏။ ဟင်ဒီက Betty'sဇာတိက မဟုတ်။ Cape Town (ကိတ်တောင်း)မြို့ပေါ်က ဖြစ်၏။ အားလပ်ရပ် ခရီးထွက်လာရင်း ယာဉ်မတော်တဆမှု့ ဖြစ်ရာက ဇနီးသည်နဲ့ သမီးခေါင်းချသွားခဲ့တဲ့ ဒီဒေသလေးမှာ လာနေတဲ့သူ။ တစ်ခါတလေ ဟင်ဒီ့ကို ပြန်လာခေါ်တတ်တဲ့ လူတွေ ရှိပေမဲ့ ပြန်လိုက်မသွားပေ။

လူတွေက ကိုယ်ချစ်တဲ့သူ ရှိရာအရပ်မှာပဲ ခြေချချင်ကြတယ်မလား။ ဒါဆို ကျွန်တော်ကရော။ ကျွန်တော်ကတော့ ကျွန်တော့်နှလုံးသား နွေးဖို့အတွက်နဲ့​တော့ ကျွန်တော်ချစ်တဲ့သူ စိတ်ဒုက္ခဖြစ်စေမဲ့ လမ်းကို ရွေးချယ်မှာ မဟုတ်ဘူး။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now