Part - 26 (Unicode)

2.2K 283 23
                                    

"ခက်ခဲသော လမ်းတွင် ခြေချခြင်း"

>>>>>>
(ဤအပိုင်းတွင် ကြမ်းတမ်းသော အသုံးအနှုန်းများ၊ ပါဝင်နိုင်ပါသည်။
ဖတ်သင့်၊ မဖတ်သင့် ကိုယ်တိုင်သေချာဆုံးဖြတ်ပါရန်။)

"အန္တရာယ်များလိုက်တာ သားရယ်။ အန်ကယ်တို့ တခြားနည်း စဥ်းစားကြရအောင်လား။ နည်းလမ်းရှိဦးမှာပါ"

ဖုန်းစပီကာမှ ထွက်ပေါ်လာတဲ့ အန်ကယ်နေသစ်ရဲ့ စကားသံတွင် စိတ်ပူခြင်းတွေ ကပ်ပါနေသည်။ ကျွန်တော့်စိတ်တွေ ခဏတာတော့ တွေဝေသွားသည်။ ထမင်းစားခန်း ဝင်ပေါက်တွင် ရပ်၍ ကော်ဖီဖျော်နေသူရဲ့ ကျောပြင်ကျယ်အား ငေးကြည့်နေမိသည်။ ကျွန်တော် ဘာမှ ပြန်မပြောတော့တာကြောင့် ဖုန်းက ကျသွားချေပြီ။ ကျောပြင်လေးကို ငေးကြည့်မိရုံနဲ့တင် ဝမ်းနည်းစိတ်က လှိုက်တက်လာ၏။

ရှေ့တိုးခြင်းနဲ့ နောက်ဆုတ်ခြင်းကြား လွန်ဆွဲနေတဲ့ စိတ်တွေကြောင့် ညီဖြစ်သူကိုပင် အားနာလာမိသည်။ တစ်ခုခု လွဲချော်သွားမှာ ကြောက်တဲ့ စိတ်နဲ့ ရပ်တန့်လိုက်ရမလားဆိုတဲ့ အတွေးတွေဟာ နေ့စဥ်ရက်ဆက် ခေါင်းထဲ ဝင်ရောက်လာပေမဲ့ ညီဖြစ်သူရဲ့ မျက်နှာကို ပြန်မြင်ယောင်တဲ့အခါ ပျက်ပြယ်သွားရပြန်သည်။ 'ဘာကိုကြောက်နေရတာလဲ'လို့ ကိုယ့်ကိုယ်ကိုယ် အခါခါပြန်မေးရင်း ကျွန်တော် တစ်ယောက်တည်း သတ္တိမွေးနေရ၏။

"သြော် ဧည့်ခန်းမှာပဲ ထိုင်နေခဲ့တယ် ထင်တာ။ ထလိုက်လာတာပဲ"

ကော်ဖီနှစ်ခွက်ကို ကိုင်ရင်း လှည့်လာတဲ့ အန်ရီကိုက ပြောလာသည်။
ကျွန်တော် ဘာမှပြန်မဖြေဘဲ ပြုံးရုံသာ ပြုံး၍ ကြည့်နေမိသည်။ ထိုအပြုံးရဲ့ နောက်ကွယ်မှာ ပူဆွေးဝမ်းနည်းခြင်းတွေ ရှိနေတာ အန်ရီကို သိပါလေစ။

"နေကောင်းရဲ့လား မျက်နှာက နွမ်းနေသလိုပဲ"

ကော်ဖီခွက်နှစ်ခွက်ကို ချပြီးမှ ကျွန်တော့်နဖူးကို လာစမ်းကြည့်သည်။

"မပူပါဘူး"

သူ့ဘာသာမေး သူ့ဘာသာ အဖြေထုတ်နေသူရဲ့ လက်ကို ဖယ်ပြီး ပေါင်ပေါ်မှာ ကျကျနန ခေါင်းအုံးကာ လှဲချလိုက်မိသည်။ အန်ရီကိုက ဆံစတွေကို ခပ်ဖွဖွကလေး သပ်ပေးနေ၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now