Part - 8 (Unicode)

2.5K 310 19
                                    

"ဝေးကွာခြင်း အစပျိုးချိန်"

>>>>>>>

ဆုံစည်းကြပြီးရင် ခွဲခွာကြရမှာ။ ဒီရက်ပိုင်းတွေမှာ အခါပေါင်းများစွာ ကျွန်တော် ရေရွတ်နေမိတဲ့ စကားတစ်ခွန်း။
ကိုယ့်စိတ်ကို သတိပေးရင်း ပြန်တည့်မတ်ရင်း ရေရွတ်နေမိတာ အကြိမ်ကြိမ် အခါခါ။

"လက်ထပ်ပွဲကျရင် လာခဲ့နော် ဗိုလ်ဗိုလ်"

နေရပ်လိပ်စာ အတိအကျမရှိ ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ကျွန်တော့်အား ရို့စ်က ဒီစကားတစ်ခွန်း အကြိမ်ကြိမ် မှာသည်။ ဟိုတယ်ကတည်းက ပြောလာတဲ့ ဒီစကားကို ကားပေါ်တက်ခါနီး အချိန်ထိ ပြောနေဆဲ။ ကျွန်တော့်ကို ဆက်သွယ်ဖို့ ဘယ်လိုစီစဉ်ပေးရမလဲလို့ ကျွန်တော်စဉ်းစားရသည်ထိ ကျွန်တော်လာဖို့ကို ရို့စ်က စိတ်အားထက်သန်နေခဲ့တာ။

ကျွန်တော်တို့က တစ်ယောက်ရဲ့ လူမှု့ရေး ကိစ္စတွေကို တစ်ယောက်က ပါဝင်ပက်သက်လို့ရသည်အထိ ရင်းနှီးသွားကြသည်လား မသိပေမဲ့ ပြန်တော့မဲ့ လေးယောက်ကို ကြည့်ပြီး ကျွန်တော့် ရင်ထဲ ဟာတာတာဖြစ်နေ၏။

မမြင်နိုင်တဲ့ ကြိုးတွေဟာ ကျွန်တော့် စိတ်ဆန္ဒကို မနာခံဘဲ ရစ်ပတ်ချည်နှောင်တတ်ကြောင်း ကျွန်တော် နားလည်မိတဲ့ အခိုက်အတန့်။

ရို့စ်တို့ကို ပို့ပြီး ဟိုတယ်ခန်းထဲ ပြန်ရောက်ချိန်တွင် လူနှစ်ယောက်ရှိတယ်လို့ မထင်ရလောက်အောင် ကျွန်တော်နဲ့ အန်ရီကို့ကြားမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။

အစကတည်းက ပြောစရာဟူ၍ မယ်မယ်ရရမရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အခုတော့ အကြောင်းပြချက် မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။

ကျွန်တော်တို့ကြားမှာ အဲ့လောက်ထိ ပြောစရာ ရှားသွားပြီလား။ မဟုတ်ဘူး။ အစကတည်းက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပက်သက်မှု့က ဒီလိုပါပဲ။

မတိုင်ပင်ထားပါပဲ ပင်လယ်ကို အသေအချာမြင်ရတဲ့ မှန်တံခါးရဲ့ အနောက်ဘက်မှာ နှစ်ယောက်သား ထိုင်မိ၏။
ပင်လယ်ရေတွေ ကျောက်ဆောင်ကို လာရိုက်ခတ်သံကိုသာ ကြားရတော့သည်ထိ တိတ်ဆိတ်မှု့ ကြီးမားနေတာ။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now