Part - 23 (Unicode)

2K 276 12
                                    

"သက်သေ စတင် ရှာဖွေခြင်း"

>>>>>>

တသတ်မတ်တည်း တွေးထင်ထားလို့ မရတဲ့ အချိန်တွေ၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရှိတဲ့ အချိန်တွေဟာ ရှိတတ်စမြဲပေ။

ကျေးဇူးကြွေး မတင်ချင်တာကြောင့် သူတစ်ပါး အကူအညီမယူချင်ပါဘူးလို့ တွေးခဲ့ဖူးတဲ့ ကျွန်တော်က ယခုတော့ အန်ရီကို့ရဲ့ အဖွားဆီသို့ ရောက်နေရသည်။

"လာ မြေးတို့ ထိုင်ကြ ။ ကြိုမပြောထားတော့ ဘာမှ မပြင်ထားရဘူး။ မြန်မာပြည်ရောက်တုန်းလေး မြန်မာ ထမင်း၊ ဟင်း စားစေချင်တာကို"

ပြန်ခါနီးမှ ထပ်လာပါမယ်လို့ ဆိုထားသူ နှစ်ယောက်က ဆိုင်းမဆင့်၊ ဘုံမဆင့် ရောက်ချလာတော့ အဖွားက အံ့သြတာက တစ်ဖက်၊ ဝမ်းသာတာက တစ်ဖက်နဲ့ မျက်နှာကလေး လန်းနေသည်။ ခပ်ပြုံးပြုံဖြစ်နေတဲ့ အဖွားကိုကြည့်ပြီး ကျွန်တော့်မှာ အားနာရပြန်သည်။ ကျွန်တော်ရဲ့ ကိုယ့်ကျိုးအတွက် သူများအိမ်ရဲ့ အဖိုးတန်မြေးလေးကို အသုံးချသလို ဖြစ်နေပြီ။
ကိုယ့်အကျိုးလို့ တွေးမိချိန် ကျွန်တော့်ရင်ထဲ အောင့်သက်သွားသည်။ ကျွန်တော့်ရဲ့ အကျိုးစီးပွားတစ်ပြားတစ်ချက်မှ မရနိုင်တဲ့ ကျွန်တော့်အကျိုးပေါ့။

"ကျွန်တော် အကူအညီတောင်းစရာရှိလို့ပါ ဖွားဖွား"

အဖွားရှေ့မှာ ခေါင်းငုံ့ကာ ထိုင်ရင်း အပြစ်သားတစ်ယောက်လို ကျွန်တော် ပြောလိုက်သည်။

"ဒီမြေးတွေနဲ့ ဒီအဖွားနဲ့ကြား အကူအညီလို့ ပြောစရာလိုလို့လား။ ပြောပါဦး အဖွား ဘာလုပ်ပေးရမလဲ။"

ကျွန်တော့် လက်ကလေးကို ကိုင်ကာ ပြောလာပုံမှာ ကြင်ကြင်နာနာ ယုယုယယ။ အပြစ်ရှိတဲ့ စိတ်နဲ့ အဖွားလက်ပေါ်က တွန့်နေတဲ့ အရေပြားလေးကို လက်နဲ့ အသာပွတ်နေမိသည်။ ကျွန်တော့်မှာ အဖွားကိုတောင် မျက်လုံးချင်းဆုံအောင် မကြည့်ရဲတော့ပေ။

​ခေါင်းငုံ့ချထားပြီး ပြောဖို့ရာ တွန့်ဆုတ်နေတဲ့ ကျွန်တော့်ပုခုံးပေါ်သို့ ရောက်လာတဲ့ လက်တစ်ဖက်။ ခပ်ဖွဖွဖက်ထားခြင်းမှာ ကျွန်တော့်ရင်ထဲ နွေးခနဲ။ အဖွားဆုပ်ကိုင်ထားပေးတဲ့ လက်ကလေးရဲ့ အနွေးဓာတ်၊ ပုခုံးပေါ်ရှိ လက်ကလေးရဲ့ အနွေးဓာတ်၊ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ စိတ်ကြောင့် ကျွန်တော့်မှာ မျက်ရည်ဝဲလာရပြန်သည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now