Part - 20 (Unicode)

2.2K 267 27
                                    

သဲလွန်စ - ၁

>>>>>>

အသံတိတ်ကလေး ကြိတ်၍ သက်ပြင်းချလိုက်ရသည်။ (ဒီရက်ပိုင်းထဲ သက်ပြင်းချရလွန်းလို့ ကျွန်တော်လည်း အသက်တိုတော့မယ် ထင်တယ်။)

သိချင်တဲ့ အဖြေကို ကျွန်တော် သိလိုက်ရပြီ။ ဖေဖေဟာ ချစ်သူနှစ်ဦးကြားမှာ ဗီလိန်တစ်ယောက် ဖြစ်နေခဲ့တာပဲ။ မေမေလည်း ခြောက်ပစ်ကင်း သဲလည်းစင် မှန်ပါတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။

"သားဖေဖေရဲ့ ပိုင်ဆိုင်လိုစိတ်ကပဲ သူ့ကို အမှောင်ဖုံးသွားခဲ့တာ။ သားကို မွေးတဲ့နေ့က သူပျော်နေခဲ့တာ မှတ်မိပါသေးတယ်။ အဲ့နေ့က သူ့ကို မေမေ ခွင့်လွှတ်ဖို့ ကြိုးစားခဲ့တဲ့နေ့ပဲ။ ဒါပေမဲ့ သူက မေမေ့ ခွင့်လွှတ်မှု့နဲ့ မထိုက်တန်ဘူး။ သားကို မွေးပြီး တစ်နှစ်ကြာတော့ မေမေတို့ မင်္ဂလာဆောင်နေ့က ပြည်ပကို ထွက်သွားတဲ့ ကိုဝဏ္ဏက ပြန်ရောက်လာတယ်လေ။ သူများဆီက လုယူခဲ့တော့ သူ့စိတ်ထဲ မလုံခြုံခဲ့ပုံပဲ။ ဆုံးရှုံးလိုက်ရမှာ ကြောက်ပုံပဲ။ မေမေ့ကို စွပ်စွဲပြောဆိုပြီး ဒုတိယအကြိမ်မြောက် ထပ်စော်ကားတယ်။"

စကားတွေ အများကြီးပြောလိုက်တော့ မေမေ မောသွားဟန်တူပါသည်။ ဆိုဖာပေါ် ခပ်မတ်မတ်ကလေး ထိုင်နေရာကနေ အနောက်ကို လျှောမှီချလိုက်၏။ ဒါမှမဟုတ် ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်နေရင် မေမေ့မျက်ရည်တွေကို မြင်သွားမှာစိုးလို့ ဖြစ်နိုင်သည်။

"ရယ်စရာတော့ ကောင်းတယ် သိလား။ သားတွေ အရွယ်ရောက်လာတော့ သူ့ရဲ့ ဆိုးဝါးတဲ့ တစ်ဖက်ခြမ်းကို မပြချင်ခဲ့ပုံပဲ။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်တယ်။ အဲ့အချိန်မှာ မေမေက သူ့ကို အရွဲ့တိုက်တာ လွန်နေခဲ့ပြီ။ ကိုဝဏ္ဏနဲ့ ရတဲ့ ကိုယ်ဝန် မေမေ့မှာ ရှိလာခဲ့တယ်။ အဲ့ဒါကြောင့် ကွာရှင်းပေးဖို့ မေမေ တောင်းဆိုခဲ့တာ။ သူ အဲ့လိုလုပ်လိမ့်မယ်လို့ (သတ်သေသွားလိမ့်မယ်) ဘယ်ထင်ခဲ့ပါ့မလဲ။"

ကျွန်တော် သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခုဟာ မမေးရပါဘဲ မေမေ့ဆီက သိလိုက်ရသည်။ ဒါဆို မေမေ့ဆီမှာ ဦးဝဏ္ဏကျော်နဲ့ ရတဲ့ ကလေးရှိနေပြီပေါ့။ ထပ်တွေးလိုက်မိတဲ့ အတွေးတွေမှာ မေမေဟာ အဲ့ကလေးကို ချစ်သလား၊ ဂရုစိုက်သလား၊ ရင်အုပ်မကွာ စောင့်ရှောက်သလား၊ စသည်ဖြင့် 'လား' နဲ့ ဆုံးတဲ့ မေးခွန်းတွေပြည့်နှက်သွားသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now