Part - 13 (Unicode)

2.4K 280 7
                                    

"နွေးထွေးခြင်း ခေါင်းစဥ်အောက်၀ယ်"

>>>>>>>>

ရို့စ်နဲ့ အဲလက်စ်ရဲ့ မင်္ဂလာပွဲကို ဇူးရစ်မြို့ရဲ့ နာမည်ကြီးဘုရားကျောင်း တစ်ခုမှာ ပြုလုပ်သည်။ ဧည့်ခံကျွေးမွေးခြင်းကိုတော့ ညနေဘက်မှ ခြံဝန်းထဲမှာ ပြုလုပ်မှာ ဖြစ်၏။

ခင်သူ၊မင်သူ မိတ်ဆွေရင်းတွေကိုသာ ဖိတ်ကြားထားခြင်းကြောင့် တက်ရောက် ဂုဏ်ပြုသူမှာ အယောက်ငါးဆယ်မှ တစ်ရာဝန်းကျင်သာ ရှိသည်။

နှစ်ဖက်မိဘရဲ့ မိတ်ဆွေတွေ လာကြသည်။ (SMSA) (Switzerland Marine Science Association)ရဲ့ ရာထူးကြီးပိုင်းတွေ တက်ရောက်ကြသည်။ လူများတဲ့နေရာတွေကို မနှစ်မြို့ပေမဲ့ ကျွန်တော် ကျင်လည်နေတာက လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်း။ အတတ်နိုင်ဆုံး ကျွန်တော့်စိတ်ကို ပေါ့ပါးအောင် ကြိုးစားထားရ၏။

အဖွဲ့အစည်းတစ်ခုတည်းမှာ အလုပ်လုပ်ကြသူတွေမို့ ရို့စ်ရဲ့ မင်္ဂလာပွဲကို တက်ရောက်သည့် အထက်အရာရှိတွေနဲ့ အန်ရီကိုကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည်။ လာနှုတ်ဆက်သူရှိသလို အန်ရီကိုက သွား၍ ခရီးဦးကြို ပြုရသူတွေလည်း ရှိ၏။

လူမှု့ရေးကို အာရုံစိုက်နေရင်းကြားက ကျွန်တော့်ကို ဂရုစိုက်ခြင်းလည်း သူ မလစ်ဟင်းပေ။ ကျွန်တော့်ကို အဆင်ပြေရဲ့လားလို့ တိုးဖွဖွလေး ကပ်မေးလာတိုင်း အနည်းငယ် မှုန်မှိုင်းနေတဲ့ သူ့မျက်နှာကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲမတင်မကျ ဖြစ်ရပြန်သည်။

အမြဲ ကြည်လင်နေတတ်တဲ့ သူ့မျက်နှာမကြည်သာခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာဟာ ဘာများလဲ။

"coco..."

ခေါ်သံနဲ့အတူ အနားရောက်လာတာ အသက်ငါးဆယ်ကျော် အမျိုးသား တစ်ယောက်။ ထိုအမျိုးသားရဲ့ အနောက်မှာ အသက်ရှစ်ဆယ်နီးပါးခန့် အမျိုးသမီးတစ်ဦးပါသည်။

အန်ရီကို့ သူငယ်ချင်းတွေ ခေါ်သလို cocoဆိုတဲ့ နာမ်စားကို အထစ်အငေါ့ မရှိ ခေါ်ဆိုလိုက်ခြင်းကြောင့် အတိုင်း အတာ တစ်ခုထိ ရင်းနှီးသူမှန်း ကျွန်တော် ရိပ်မိလိုက်သည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now