အိမ်၏အပြင်ဘက်ကို ထွက်လိုက်သည်နှင့်ပဲ အကိုလေးနဲ့ မမနေခြည်တို့ မြင်လိုက်ရသည်။ နေမကောင်းတာကို အကြောင်းပြပြီး ယောကျာ်းနဲ့နှစ်ယောက်တည်း ချစ်ကြည်နူးချင်ပါသော်လည်း မတတ်နိုင်တော့ပေ။ မမနေခြည်တို့ဘေးက ခုံအလွတ်မှာသာ ငယ်တို့နှစ်ယောက် ၀င်ထိုင်လိုက်ကြသည်။
"သက်သာရဲ့လား ငယ်..."
ထိုင်ပြီး သိပ်မကြာခင်မှာ အသက်ကမေးလာတာဖြစ်သည်။
"ဖြည်းဖြည်းချင်းနဲ့တော့ သက်သာလာပါပြီ အသက်..."
"ဖြည်းဖြည်းချင်းပဲ သက်သာလာတာလား ငယ်။ မြန်မြန်သက်သာလိုက်လို့မရဘူးလား။"
ငယ့်စကားကို နားလည်စွာနှင့်ပင် ဘာသာပြန်လို့ ထပ်တိုးတောင်းဆိုချက်ကိုပါ အဆိုပြုလာသည့် မမနေခြည့်ကို မချင့်မရဲလေးပြုံးပြပေးလိုက်သည်။"နေရယ် ကလေးကို မပြောနဲ့လား။
ငယ်လည်းနော် ကျန်းမာရေးကို သေချာဂရုစိုက်ဦး...။ဒီတစ်ခေါက်လည်း နေမကောင်းလို့ ရွာမလိုက်နိုင်မှာစိုးတယ်။"အသက်ပြောလာမှပဲ နီးကပ်လာသော သီတင်းကျွတ်ပိတ်ရက်နှင့် အန်တီတို့ရွာကို လိုက်လည်ဖြစ်မည့် အကြောင်းကို သတိရတော့တာဖြစ်သည်။ တစ်ခါမှ မရောက်ဖူးသေးသော အန်တီတို့ ရွာသို့ အခုတစ်နှစ်သီတင်းကျွတ်မှာတော့ လိုက်သွားဖို့ဆုံးဖြတ်ထားသည်။ ငယ်ကဲ့သို့ပင် ထည်ဝါကိုယ်တိုင်ကလည်း ရွာသို့အလည်ပြန်ချင်နေမှန်း သိသာလွန်းနေသည်။
သီတင်းကျွတ် မရောက်ခင်မှာကတည်းက အလုပ်တွေကို ကြိုတင်ကာဖြတ်ထားဖို့အတွက် ဒီနှစ်ရဲ့အစပိုင်းမှာတည်းက ပြောထားတာဖြစ်သည်။ အရင်နှစ်တွေတုန်းက ကလေးမွေးတာရယ်၊ ကိုယ်၀န်လွယ်တာရယ်၊ ကလေးငယ်သေးတာရယ်ဆိုပြီး ငယ်နဲ့အတူ သူပါအဖော်လုပ်ပေးနေရသောကြောင့် ဒီနှစ်တွေမှာ သူတော့ ရွာကိုတော််တော် လေးကို လွမ်းနေတာဖြစ်လောက်သည်။
"အသက်ကလည်း ငယ့်ကိုပဲစိတ်ပူမနေပါနဲ့။ ဟိုးမှာကြည့်ပါဦး ကြယ်တွေက မလှဘူးလား။"
ငယ်တို့ရောက်လာကတည်းက နေခြည့်ဆီမှာအာရုံမရှိတော့သည့် အသက်ကို အတင်းပဲကောင်းကင်သို့ကြည့်စေလိုက်သည်။
YOU ARE READING
အချစ်ဦး (Completed)