UNI....
အားကစားကွင်းထဲမှာ ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် အဝေးမှာ ရပ်နေတဲ့ဆုယောင်းကို မြင်တော့ ကျွန်တော် အမောဖြေလျက် ငေးကြည့်နေမိသည်။သို့သော် ခါတိုင်းလို ချက်ချင်း အမောမပြေသွားပါ။အကြောင်းကတော့ ဆုယောင်းမျက်နှာထက်မှာ အပြုံးပန်းတွေမရှိသောကြောင့် ဖြစ်၏။ကျွန်တော်ရဲ့အမောပြေလေးက
ဆုယောင်းရဲ့အပြုံးတွေဖြစ်၍ ထိုအရာကို ကျွန်တော် မက်မောသည်။ပြုံးလာမလားဆိုပြီး အချိန်တစ်ခုအထိ ရပ်စောင့်နေပေမယ့် ဆုယောင်းက မပြုံးလာ။အဝေးကဖြစ်၍ ဆုယောင်းရဲ့မျက်နှာကို သေချာမမြင်ရတာကြောင့်များလား။ဆုယောင်းက အမြဲတမ်းပြုံးနေတတ်တဲ့ကလေးမလေးပါ။"ဂယောင်းဆူး..ထပ်လေ့ကျင့်မယ်!"
စီနီယာမင်ဆောအသံကြောင့် လက်ထဲမှာ ရေဘူးကို မော့သောက်လိုက်ပြီး လေ့ကျင့်ရန်အတွက် အဆင့်သင့်ပြင်လိုက်သည်။မကြာခင် ကျင်းပမည့်အားကစားပြိုင်ပွဲက ကျွန်တော် အမျှော်လင့်ဆုံးဖြစ်သည်။ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတော့ တစ်ခုတည်းဖြစ်သည်။သို့သော် လူနှစ်ယောက်ကို ကိုယ်စားပြုသည်။ကိုကိုနှင့်
ဆုယောင်းအပြုံးတွေ ဖန်တီးပေးချင်သည်။လောဘကြီးသလိုဖြစ်နေတဲ့ကျွန်တော့်စိတ်ကိုလည်း နားမလည်နိူင်။ဒါပေမယ့် ကျွန်တော့်စိတ်ကို လည်း ဒုက္ခမပေးပြီး အဖြေမရှာချင်။အဓိက,က ကျွန်တော် ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိူင်ဖို့ဖြစ်သည်။
လေ့ကျင့်ရေးပြီးသည့်နှင့် ကျောပိုးအိတ်ဆွဲပြီး ပြန်လာခဲ့သည်။ပုံမှန်ကျောင်းလွှတ်ချိန်ထက် နောက်ကျမှ ပြန်လာရသည့်အတွက် ကျွန်တော်ရဲ့အိမ်ပြန်လမ်းက တိတ်ဆိတ်လို့နေသည်။ဘေးနားစကားပြောဖော် တစ်ယောက်ရှိရင် ကောင်းမည်ဆိုသည့်အတွေးနှင့်အတူ အရင်ဆုံး သတိရသူက ကိုကိုဖြစ်၏။ကိုကိုက စကားများပြီး ရယ်စရာတွေလည်း ပြောတတ်သည်။ပြီးတော့ ဉာဏ်ကောင်းပြီး အရာရာမှာ ထူးချွန်တယ်။ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိသူ ဟုဆိုလျှင်လည်း မမှား။
"တစ်ယောက်တည်း မပျင်းဘူးလား"
ကြားလိုက်ရသည့်အသံနှင့်အတူ ကိုယ်သင်းရနံ့လေးက ကိုကိုဆိုတာ လှည့်ကြည့်စရာမလို။