အချစ်တွေပေးပြီး အချစ်ကို ယုယုယယပုံဖော်ချင်သောကျွန်တော်အတွက် ညီအစ်ကိုသံယောဇဉ်ဆိုတာ စိတ်ဒဏ်ရာတစ်ခုဖြစ်လာခဲ့သည်။Baeက ကျွန်တော်တောင်းဆိုသည့်အတိုင်း လိုက်လျောပေးခဲ့ပေမယ့် ညီအစ်ကိုဆိုသည့်အသုံးအနှုန်းနှင့် ကျွန်တော်ကို စည်းခြားထားတးသည်။ညအိပ်ဝင်ခါနီးတိုင်း Baeနှင့် ဖုန်းပြောဖြစ်သည်။ပိတ်ရက်တိုင်းလည်း Baeရဲ့မျက်နှာလေးကို တွေ့ခွင့်ရသည်။သို့သော် ထိုအရာတွေက ကျွန်တော်အတွက် ဆုလာဘ်တစ်ခုမဟုတ်ဘဲ နာကျင်မှုတွေ ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။
Baeဆီမှာ ဆုယောင်းကို သဘောကျနေသည့်အကြောင်း၊ဆုယောင်းက ဒီနေ့ ဘယ်လို ပုံစံလေးဝတ်လာပြီး ဘယ်လိုချစ်ဖို့ကောင်းသည်ဆိုသည့်အကြောင်း၊ဆုယောင်း အပြုံးတွေကို ဘယ်လောက်ထိ ချစ်မြတ်နိုးသည့်အကြောင်း ၊ကြားရပါများ၍ ကျွန်တော့်နှလုံးသားက နာကျင်ကိုက်ခဲနေပြီ။Baeကတော့ ဆုယောင်းအကြောင်း အလုံးစုံကို ကျွန်တော်ထံပါးမှာ ရင်ဖွင့်ကောင်းနေဆဲ။ကျွန်တော့်ခံစားချက်တွေကိုလည်း လျစ်လျူရှုထားဆဲဖြစ်သည်။
ကျွန်တော့်စိတ်ရော၊လူပါ ပင်ပန်းလာတာကြောင့်
Baeနဲ့ အဆက်အသွယ်ဖြတ်ပြီး ဝေးရာအရပ်ကို ထွက်ပြေးသွားချင်လာသည်။မချစ်သောသူကို တစ်ဖက်သတ်မြတ်နိုးရခြင်း အချစ်ဒုက္ခဝေဒနာကိုလည်း ကျွန်တော် ဒီထက်ပိုပြီး မခံစားနိုင်တော့။
« ကိုကို »
တံခါးမခေါက်၊အသံမပေးဘဲ အခန်းထဲဝင်လာသော Baeဟာ ကျောင်းသားဝတ်စုံကို ဖရိုဖရဲနှင့် နက်ခ်တိုင်ကလည်း ရွဲ့စောင်းနေသည်။မျက်နှာနုနုထက်မှာ ဒဏ်ရာတစ်ချို့တွေ့လိုက်ရသည့်အချိန်မှာ အလန့်တကြားဖြစ်သွားသည်။
«ဘယ်..ဘယ်လိုဖြစ်လာတာလဲ»
« သွေးပူအောင် လေကျင့်ခန်းလုပ်လာခဲ့တာ »
အပြုံး၊အရယ်မပျက်ဆိုလာသော Baeဟာ ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိ ပူလောင်နေမလဲ မသိရှာဘူး။ကျွန်တော်ကိုကလေးလေးတစ်ယောက်လိုမျိုး အပြစ်ကင်းစင်စွာ ရယ်ပြလာသည်။
«လာခဲ့။ကိုကို ဆေးထည့်ပေးမယ်»
လက်မောင်းမှာဆွဲ၍ ဆိုဖာထက်မှာ ထိုင်ခိုင်းလိုက်သည်။အတွင်းရေးမှူးကို နီးစပ်ရာဆေးဆိုင်တွင် ဆေးတစ်ချို့နှင့်အရက်ပြန်ဝယ်ပေးရန် ဖုန်းဆက်ခိုင်းစေထားသည့်အချိန်အတောအတွင်း Bae ကိုအကြောင်းစုံ မေးမြန်းရသည်။