UNI...
အသည်းကွဲရက်ရှည်ကြီးကို အခန်းတံခါးပိတ် တစ်ယောက်တည်းဖြတ်သန်းချင်ပေမယ့် အလုပ်က ရှိသေးသည်။အလုပ်သွား၊အလုပ်ပြန် ငိုင်နေသောကျွန်တော်ဟာ မြင်မြင်သမျှ လိုက်ကြည့်ပြီး သက်ပြင်းချမိသည်။ထူးထူးရှားရှား ရယ်သံတွေဖြင့် ပြည့်နှက်နေသောရုံးကန်တင်းက ကျွန်တော်ကို အထီးကျန်စေသည်။
တစ်စုံတစ်ယောက်အတွက် မှီခိုချင်စရာဖြစ်ချင်တဲ့ကျွန်တော်က တစ်စုံတစ်ယောက်ကို မှီခိုချင်လာသည်။ဝမ်းနည်းပက်လက်နှင့်ကျွန်တော်ကို ထွေးပွေ့မည့်ရင်ခွင်တစ်စုံကို မက်မက်မောမောလိုချင်လာသည်။အကယ်၍ တစ်ယောက်၊တစ်ယောက်က ကျွန်တော်ကို လက်ကမ်းလာလျှင် ထိုလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိမည်ထင်သည်။
«ကိုကို»
ရုံးကန်တင်းမှာ တွေ့လိုက်ရသောမျက်နှာလေးက ကျွန်တော် လွမ်းနေသောမျက်နှာလေးဖြစ်ပေမယ့် နေရာမှာ မလှုပ်မယှက် ထိုင်နေမိသည်။ဆုယောင်းက ငြင်းလိုက်လို့ ကျွန်တော်ဆီ ရောက်လာတာ မဟုတ်လောက်ပါဘူးနော်။
«ဖုန်းခေါ်တာ မကိုင်လို့ »
«အာ...ဖုန်းက»
ခန္ဓာကိုယ်အနှံ့ ဟိုနား၊ဒီနား စမ်း၍ ဖုန်းရှာလိုက်သည်။
« ရုံးခန်းထဲမှာ ထင်တယ်»
ထိုအဖြေက သေချာခြင်းမရှိသည့်ကို ကျွန်တော်သာ သိသည်။ဟိုတစ်ခု၊ဒီတစ်ခု ပျောက်နေသောပစ္စည်း အများအပြားရှိသော်လည်း ကျွန်တော့်ရင်ဘတ်ထဲမှာ ပျောက်ဆုံးနေသောတစ်စုံတစ်ယောက်လောက် အရေးမပါ၍ မရှာဖွေခဲ့။အလုပ်ကိစ္စမှအစ အတွင်းရေးမှူးနှင့် လွှဲပြောင်းထားသည်မို့ စိတ်အစုံကလည်း လွှင့်ချင်သလို လွှင့်မြောနေခဲ့သည်။
«ထမင်းက ...မစားဘူးလား»
အရာမယွင်းသည့်ထမင်းနှင့်ဟင်းကို ကြည့်ပြီး မေးလာသူက နွမ်းလျနေသည့်ကျွန်တော်ကို ကြည့်ပြီး သက်ပြင်းလေးချ၏။
«ဒီလိုနဲ့ ကိုကို လှဲသွားလိမ့်မယ်»
စိတ်ပူမှုတွေ ကပ်ပါလာသောအသံလှိုင်းကြား
ချစ်ခြင်းတရားကို ရူးရူးမိုက်မိုက်ရှာဖွေမိသည်။ကိုကိုက အခုထိ မင်းကို လက်လွှတ်ဖို့ကြိုးစားနေဆဲအချိန်မို့ အနားလာပြီး မကောင်းပြပါနဲ့။တစ်သက်လုံး မင်းကိုပဲ ဖက်တွယ်ထားမိလိမ့်မည်။