UNI....
ည(၁၂)နာရီကျော်မှ အိမ်ရောက်လာသည့်ကိုကို့ကို အိမ်တံခါးဖွင့်ပေးရင်း အမြင်မကြည်သလိုမျိုး မျက်နှာကိုဆူပုတ်ထားလိုက်သည်။သို့သော် ကိုကိုက ကျွန်တော်ကို တစ်ချက်မှမကြည့်၊
နှုတ်ဆက်စကားပြောခြင်းလည်းမရှိဘဲ သူ့အခန်းထဲ တန်းဝင်သွားသည်။တည်ငြိမ်နေသောမျက်နှာနှင့် ကျွန်တော့်အရှေ့က ဖြတ်လျှောက်သွားလေတော့ စိတ်ထဲ အချဉ်ပေါက်လာသည်။ကိုကိုက ကျွန်တော်ကို စိတ်ဆိုးနေတာလား။စိတ်ဆိုးမာန်ဆိုးနှင့် ကိုကို့အနောက်လိုက်သွားသည်။ ခါတိုင်းလို တံခါးခေါက်မနေဘဲ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်အချိန်မှာ ကျွန်တော့်မျက်နှာမှာ အပူငွေ့တွေပျံလာသည်။
« အာ ဆောရီး။ ဆောရီး »
ကြောက်ကြောက်လန့်လန့်နှင့် တံခါးရွက်ကို ပြန်ပိတ်ပစ်လိုက်ရသည်။ရေချိုးရန်ပြင်နေသောကိုကိုရဲ့အဝတ်မပါသောခန္ဓာကိုယ်ကိုမြင်ပြီးနောက်မှာ တံခါးရွက်ကို အလျင်အမြန်ပိတ်လိုက်ရသည့်အထိ တုန်လှုပ်သွားခဲ့သည်။ကျစ်လစ်နေသောခန္ဓာကိုယ်အချိုးအစားနှင့် ရင်အုံကျယ်ကြီးက ကျွန်တော်ကို စေ့စေ့ပင် မကြည့်ရဲသည့်အထိ အရှက်ရစေသည်။
« ပြောစရာရှိနေတာလား »
ကျွန်တော် ဆောင့်ပိတ်လိုက်သည့်တံခါးရွက်ကို
ဆွဲဖွင့်လျက် ပြောလာသောကိုကိုဟာ အပေါ်ပိုင်းကို တဘတ်နှင့် လုံခြုံအောင် ဖုံးအုပ်ထားသည်။သို့သော် ကျွန်တော်ကတော့ အရှက်ပိုကာ မျက်လွှာချထားမိသည်။« ဟင့်အင်း။ ထမင်း စားပြီးပြီလား လာမေးတာ »
«စားခဲ့တယ် »
ခတ်ပြတ်ပြတ်နှင့် တုံးတိစကား။ကျွန်တော်ပင် ကြောက်အ,သွားသည်။ကိုကိုက ဒီလိုပြောဖူးသလား။
«ဟုတ်ကဲ့ ။ ဒါဆို ကျွန်တော် သွားတော့မယ် »
«တစ်ခုခုဆို လှမ်းခေါ်လိုက် »
ကျွန်တော် ခေါင်းငြိမ့်ပြီး ပြန်ထွက်လာခဲ့ပေမယ့် စိတ်ထဲမှာ ဝမ်းနည်းနေရသည်။ကိုကိုက ကျွန်တော်ကို မရှိသလိုသဘောထားနေသည်။
စကားပြောပုံကလည်း အေးစက်စက်နှင့်။