🍁Part 46🍁

436 14 1
                                    

[Unicode]

အတိတ်၏အစ။

"၅...၁၀...၁၅...၂၀...၂၅...၃၀...၃၅...၄၀...၄၅...၅၀...၅၅...၆၀...၆၅...၇၀...၇၅...၈၀...၈၅...၉၀...၉၅...၁၀၀...တူးတူ မတူးတူ...လိုက်ပြီ ဒေါင်"

ကျေးငှက်ကလေးများ၏ အသံများမှလွဲ၍ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသော ကောင်မလေးတစ်ယောက်၏ အသံကြည်ကြည်လေး။ ခါးလောက်ထိရှည်သော ဆံပင်များကို ကျောဘက်တွင် ဖြန့်ချထားသည်ကြောင့် လေပြေတစ်ချက်ဝှေ့တိုင်း နက်မှောင်သည့်ဆံသားများက တလွင့်လွင့်။ ဆယ့်ငါး ဆယ့်ခြောက်နှစ်အရွယ် ၁၀တန်းကျောင်းသူလေးဖြစ်သည်ဆိုတာကို ၀တ်ဆင်ထားသော အဖြူအစိမ်းကျောင်းဝတ်စုံလေး၏ ကျောင်းတံဆိပ်များက သက်သေခံနေကြသည်။

"လုံအောင် ပုန်းကြနော်...ငါလာပြီ"

ထပ်မံ၍ ထွက်ပေါ်လာသော အသံကြည်ကြည်လေးနဲ့အတူ ထိုကောင်မလေးသည် သစ်ပင်များ၏ နောက်ဘက်အကွယ်များမှအစ ခြုံပုတ်များထဲမှာပါမချန် တစ်စုံတစ်ရာကို လိုက်လံရှာဖွေနေသည်။ နေပူအလွန်ပြင်းသော နေ့လည်နေ့ခင်းအချိန်အခါ ဖြစ်သော်လည်း သစ်ပင်ကြီးများတည်ရှိနေသည်ကြောင့် အရိပ်ရကာ အေးမြနေသည်။

"ဟဲ့ မျိုးမာန်အောင်...အစုတ်ပလုတ်...နင့်ဘာသာနင် တစ်ခြားတစ်နေရာ သွားမပုန်းပဲ ဘာလို့ ငါ့နားလာပုန်းနေတာတုန်း"

သရက်ပင်ကြီး၏ အကွယ်တစ်နေရာမှ ထွက်ပေါ်လာသော မိန်းကလေးငယ်၏ ရန်စွာသံတိုးသဲ့သဲ့လေး။ တစ်ဖန် ထိုမိန်းကလေးအား ခပ်ကြိတ်ကြိန်ပြန်ပြောလာသော ကောင်ငယ်လေး။

"တိုးတိုးနေစမ်းပါ အလင်္ကာရယ်...နင့်အသံကြောင့် ရွှေစင် မိသွားတော့မှာပဲ"

မျိုးမာန်၏ အပြောကြောင့် အလင်္ကာ ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ စိတ်ထဲတွင်တော့ သိပ်မကျေနပ်ပေ။ လွတ်လွတ်လပ်လပ် ကိုယ့်ဟာကိုယ် သွားမပုန်းပဲ သူရှိနေသည့် ဤနေရာသို့ ဘာလို့လာပုန်းမှန်းမသိ။ မိသွားမှ နှစ်ယောက်လုံး သေနေမယ်။

"ဟိုမှာ အလင်္ကာနဲ့ မျိုးမာန် မိပြီကွ"

အလင်္ကာ၏ အတွေးပင်မဆုံးလိုက် ထွက်ပေါ်လာသော ရွှေစင်၏ ၀မ်းသာအားရအသံကြောင့် အလင်္ကာ့ မျက်စောင်းတို့က မျိုးမာန်ဆီ ဒိုင်းကနဲ။ မျိုးမာန်လည်း သူထံကျရောက်လာသော နဂါးမျက်စောင်းကြောင့် သွားအဖြီးသားဖြင့် ရယ်ပြလိုက်တော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now