𝖤𝗑𝗍𝗋𝖺.1

912 54 0
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

စာသင်နှစ်စပြီး တစ်လအကြာမှာ   ဆေးဌာနတွင် ကျောင်းသားသမဂ္ဂက သီချင်းဆိုပြိုင်ပွဲတစ်ခုကို ဦးစီးဆောင်ရွက်လေသည်။

ကျောင်းသားသမဂ္ဂ ဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရှီးနဉ်အနေနဲ့ သဘာဝကျစွာ audition အတွက် စာရင်းပေးခြင်းအတွက် ဦးဆောင်ကာ  အဓိက တာဝန်ယူလုပ်ဆောင်ခဲ့ရတယ်။

စာရင်းပေးရတဲ့ ရက်သတ္တပတ် အစကနေ အဆုံးထိတိုင် ရှီးနဉ်နဲ့ တခြား အဖွဲ့ဝင်နှစ်ဦးတို့ဟာ ကျောင်းတွင်းတွင် ပြိုင်ပွဲကို ကြေညာနိုင်ဖို့ရာ ရုံငယ်လေးအဖြစ် ယာယီတဲထိုးထားပြီး လူသိရှင်ကြား စာရင်းပေးခြင်း လက်ခံဖို့ တာဝန်လည်းရှိလေသည်။


အဲ့ဒီနေ့က ရှီးနဉ် အတန်းပြီးတာနဲ့ ယာယီတဲဆီကို အပြေးအလွှားသွားကာ တစ်ယောက် တလှည့်စီ အစားထိုး တာဝန်ယူရကာ သတင်းပြန်ကြားရေးဌာနက ကောင်မလေးတစ်ယောက်နဲ့အတူ  အလုပ်တွဲလုပ်ရသည်။

မနက် ဆယ်နာရီထိုးလောက်မှာ နောက်ထပ် မေဂျာအတန်းရဲ့ အတန်းဆင်းချိန်ဖြစ်တာမလို့ မိနစ်အနည်းငယ်လောက်ကြာပြီးနောက် ယာယီတဲတွင် လူတွေနဲ့ ပြည့်နှက်သွားကာ ရောက်လာတဲ့ လူအများစုက  မေးမြန်းစုံစမ်း‌ဖို့လောက်သာလုပ်ပြီး နေရာမှာတင်  တခါတည်း တန်းစာရင်းသွင်းကြတဲ့သူဟာ အနည်းငယ်မျှသာရှိ၏။

“ဒီနေ့ လူတအားများတာပဲ” အလုပ်တွေပုံနေတာမလို့ ရှီးနဉ် သက်ပြင်းချမိတာ အခါခါ။

သူမနဲ့အတူ အလုပ်တွဲလုပ်နေရတဲ့ ကောင်မလေးက အပြုံးလေးနဲ့ ပြောလာသည်။ “အဲ့တာနင်‌ရောက်နေတာမလို့လေ နင်မလာခင်ကဆို ဒီလောက်တောင် လူမစည်ပါဘူး ငါတို့ဆေးကျောင်းရဲ့ အလှလေး ဒီမှာ ရှိနေမှာတော့ လာကြည့်တဲ့လူအုပ်လိုက်ကြီးကို ဆွဲဆောင်နိုင်တာ သဘာဝပဲလေ ပြီးတော့ ရုပ်ရည်ကို အဓိကထားကြတဲ့  ဒီလိုခေတ်ကြီးမှာ ဒီလို အလှလေးကို မကြိုက်တဲ့သူ ဘယ်သူရှိမှာမို့လို့လဲ?”

ရှီးနဉ် ပြုံးကာ ဘာမှဆက်မပြောလိုက်ပေ။

ခဏကြာတော့ သူတို့ ဌာနရဲ့ ခေါင်းဆောင် ယောင်ယောင်ဟာ လက်ထဲနို့လက်ဖက်ရည်ခွက် တစ်ခွက်ကိုင်ကာ ရောက်လာတယ်။

“ခေါင်းဆောင်”

အားလုံး ပြောပြီး ဆိုပြီး‌တော့ သူတို့ကြားမှာ ပဋိပက္ခလေးအနည်းငယ် ရှိနေရင်တောင်မှ သူမဟာ သူ့စီနီယာဖြစ်နေဆဲ ဖြစ်တာမလို့ သူမ တလေးတစားဆက်ဆံဆဲပင်။  

ရှီးနဉ်က ရှီးချန်ရဲ့ ညီမ ဆိုတာ သိကတည်းက ရှီးနဉ်အပေါ် ထားတဲ့ ယောင်ယောင်ရဲ့ သဘောထားက လုံးလုံးလျားလျား ပြောင်းလဲလာခဲ့တယ်။

သူမ ရှီးနဉ်ကို အခက်တွေ့စေမဲ့ရှုပ်ယက်ခတ်တဲ့ အရာတွေ စီစဉ်တာမျိုး ရပ်လိုက်ရုံသာမက အလုပ်တော်တော်များများ ပြီးအောင်လို့  ကိုယ်တိုင် ကိုယ်ကျ ကူညီပေးခဲ့တယ်။ သူမရဲ့ သဘောထားက အရင်ကနဲ့ မတူတော့သလို ခါတိုင်းဆို  သူမကို မျက်နှာထား တင်းတင်းနဲ့ မာမာထန်ထန် ကြည့်နေကြပေမဲ့ အခုဆို သူမဟာ တရေးတယူလုပ်ဆက်ဆံပေးနေလွန်းလို့ ရှီးနဉ်မှာ သူမက ခေါင်းဆောင်ဖြစ်နေပြီး ယောင်ယောင်ကပဲ  လက်ထောက်အတွင်းရေးမှူးများ ဖြစ်နေတာလားလို့တောင် သံသယဝင်မိတယ်။

ယောင်ယောင်ဟာ သူမရဲ့ စားပွဲပေါ်ကို နို့လက်ဖက်ရည်ခွက်တင်ကာ အပြုံးလေးနဲ့ ပြောလာ၏။ “ညီမလေးက ဒီမှာပဲ ရော့ ရာသီဥတုကတအားပူတယ် နို့လက်ဖက်ရည်အေးအေးလေး တစ်ခွက်လောက်သောက်လိုက်ပါဦး”

ရှီးနဉ်က ပြန်တွန်းပေးကာ ပြောလိုက်တယ်။

“မလိုပါဘူး ခေါင်းဆောင် ကျေးဇူးပြုပြီးတော့ ကိုယ့်ဘာသာကိုပဲ သောက်လိုက်ပါနော်”

ယောင်ယောင်: “အစ်မက သောက်ပြီးသွားပြီ  ဒါက မင်းအတွက် ဝယ်လာခဲ့တာ”

ရှီးနဉ်မှာ သူမကို ဒုတိယအကြိမ်ငြင်းဆန်လို့ မရနိုင်တော့တာမလို့ အပြုံးလေးနဲ့သာ လက်ခံလိုက်ရတယ်။ “ကျေးဇူးတင်ပါ‌တယ် ခေါင်းဆောင်”

ထို့နောက် ယောင်‌ယောင်က ဒီနေ့ရဲ့ ပြိုင်ပွဲအတွက် နာမည်စာရင်းလာပေးခြင်း အကြောင်း မေးလာခဲ့တယ်။ ရှီးနဉ် သူမကို အတိအကျ  တင်ပြ‌လိုက်တော့ ယောင်ယောင်က ခေါင်းညိတ်ပြကာ သူမအားပြောလာ၏။

“ရှီးနဉ်   အစ်မအထင် မင်း ဒီမှာ စာရင်းကောက်ပေးနေတာ  ကြာနေလှပြီ ဒီလိုလုပ်ပါ့လား အစ်မ မင်းကို ကူမယ်လေ ပြန်ပြီး နားလိုက်တော့”

“ရပါတယ် ဒါ ညီမ လုပ်သင့်တဲ့ဟာပဲလေ”


သေချာတာကတော့ ရှီးနဉ်အနေနဲ့  သူ့ကို သူမအစား စာရင်းကောက်ပေးခွင့်ပြုလိမ့်မည် မဟုတ်ပါ ဒါက သူမရဲ့အလုပ်ဟာကို။ အရင်က ယောင်ယောင်နဲ့  စကားများရတဲ့အကြောင်းက သူဟာ သူမကို တခြားသူတွေရဲ့အလုပ်တွေကိုပါ လုပ်ခိုင်းခဲ့လို့။

သူမ လုပ်သင့်တာထက်  အချောင်ခိုပြီး လျှော့လုပ်မှာ မဟုတ်သလို သူမ လုပ်သင့်လုပ်ထိုက်တာထက်ပိုပြီးတော့လည်း မလုပ်နိုင်ပေ။ သူမ လုပ်ရမဲ့ဟာကို မလုပ်ရဘူးဆိုရင် အဆင်မပြေသလို ခံစားရမှာပင်။ 


ယောင်ယောင်က သူမရဲ့ မလိုလားမှုကို မြင်တော့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ရှီးနဉ် ညီမလေး အစ်မကို စိတ်ဆိုးနေသေးတုန်းလား”

“မဟုတ်ပါဘူး” သူမ အစကတည်းက  အဲ့လောက် မုန်းတီးနေတာမျိုး ရှိမနေတာမလို့ အဲ့အတွက်ကြောင့်နဲ့ သူမကိုယ်သူမ  စိတ်အနှောင့်အယှက်ဖြစ်ခံမနေပေ။

“ဒါဆိုလည်း ဖြစ်ခဲ့တာတွေမေ့ပြိး ညီမလေးအစ်ကိုရဲ့ ရှေ့မှာ အစ်မ ကောင်းတဲ့အကြောင်းလေး တစ်ခုခုလောက် ကူပြောပေးနိုင်မလား ဘာလို့ဆို အရင်က အစ်မတို့ ရန်ဖြစ်ခဲ့တာကို သူ မြင်ထားတာကြောင့် အခု သူက အစ်မကိုဆို အလုပ်ကိစ္စအရ ဆိုတဲ့ မျက်နှာထားကြီးနဲ့ပဲ  ဆက်ဆံနေတော့တာ” ယောင်ယောင်က ပြောလာတယ်။

ရှီးနဉ်: “ခေါင်းဆောင် ညီမက အစ်ကို့ရဲ့ကိစ္စတွေမှာ  ဝင်စွက်ဖက်မှာမဟုတ်ဘူး အစ်မ သူ့ကို အပိုင်ရအောင် လိုက်နိုင်တာ မလိုက်နိုင်တာက အစ်မ အပိုင်းပါ ဒါပေမဲ့ ညီမအနေနဲ့ ညီမနဲ့ အစ်မကြားမှာ နားလည်လွဲမှုမျိုး ဘာမှမရှိဘူးဆိုတာကိုတော့ သူ့ကို သေချာအောင် ရှင်းပြပေးလိုက်ပါ့မယ် အစ်မ စိတ်ချလို့ရပါတယ်”


“အဲ့လောက်ဆို လုံလောက်ပါတယ် စီနီယာ ငါ့ကို မမုန်းမနေဖို့‌လောက်ပါပဲ”

“ဒါပေမဲ့ ညီမမှာ ပြောစရာတစ်ခုရှိတယ်”

“ပြောလေ”


ရှီးနဉ် သူမဆီသို့ နို့လက်ဖက်ရည်ခွက် ပြန်တွန်းပို့ပေးလိုက်ကာ

“နောက်နောင်ကျရင် ပုံမှန်အတိုင်းပဲ  ဆက်ဆံကြရအောင်ပါ ဒီလိုမျိုးတွေ မလုပ်ပါနဲ့”


သူမ ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ပေမဲ့ ယောင်ယောင်က သူမနဲ့ အဆင်ပြေနိုင်မဲ့ သူငယ်ချင်းမျိုးတော့ မဟုတ်။

သူတို့ရဲ့အပြန်အလှန်ဆက်ဆံရေးက အလုပ်ဆက်ဆံရေးမျှသာ ကန့်သတ်ထားနိုင်ဖို့ပဲ မျှော်လင့်မိသည်။ ဒီလို ပျူငှာမှုမျိုး ပိုပိုများလာတာနဲ့ သူမ နေရခက်ကာ စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရတယ်။


ဒါကို သိလိုက်ရတော့ ယောင်ယောင်ဟာ နို့လက်ဖက်ရည်ခွက်ကို ယူကာ အပြုံးလေးနဲ့ ပြောလာတယ်။

“ညီမလေး သဘောအတိုင်းပါပဲ  ဒီလို အဆင်ပြေတယ်ဆိုမှတော့ အစ်မ အရင်သွားနှင့်တော့မယ်နော်”


“ဟုတ်ကဲ့”

ယောင်ယောင်ထွက်သွားတဲ့နောက် ရှီးနဉ်ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးက သူမကို စကားလမ်းကြောင်းစကာ ပြောလာ၏။

“နင်တို့ရဲ့ခေါင်းဆောင်က နင့်အပေါ် အရမ်းကောင်းတာပဲနော် ငါကြားရသလောက်ကတော့ နင်တို့ဌာနရဲ့ အကြီးအကဲ ခေါင်းဆောင်က အေးတိအေးစက်နဲ့ မာနကြီးကလဲ တစ်ခွဲသားနဲ့ဆိုပဲ ဒါပေမဲ့ ထင်မထားမိဘူး သူက သူ့လက်အောက်ငယ်သားတွေအပေါ် အရမ်းကြင်နာတတ်မယ်ဆိုတာကိုလေ  နင့်ဆီကို နို့လက်ဖက်ရည် လာပြီးတောင်ပေးလိုက်သေးတယ်”

ဒါကို ကြားလိုက်ရတော့ ရှီးနဉ် ခါးသီးစွာ ပြုံးလိုက်မိပြီး ပြောလိုက်၏။

“ကြည့်ရတာတော့ သူအရင်က ငါ့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ နင်မမြင်ဖူးဘူးပဲ”

ရှီးချန်ကြောင့်သာမဟုတ်ဘူးဆိုရင် ယောင်ယောင်က အခုချိန်မှာ သူမအပေါ်ကို ဒီလောက်ကြီး ဖော်ရွေပေးလိမ့်မည် မဟုတ်ပေ။ 


ပထမနေ့တွင်  ပြိုင်ပွဲစဉ်ရဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခြင်းကို ဂုဏ်ပြုဖို့ရန်  ကျောင်းရဲ့ ကျောင်းသားသမဂ္ဂအသင်းအဖွဲ့တစ်ခုလုံး၏ ရန်ပုံငွေကို ခွဲဝေပြီး  ဒင်နာပွဲကျင်းပလေသည်။

အတန်းလိုက်၊ အဖွဲ့လိုက်  အုပ်စုဖွဲ့ညစာစားပွဲ တွေထက်ကို ပိုကြီးတဲ့ ဒီလို ဒင်နာပွဲကြီးမျိုးက ဆေးဌာန၏ ပထမနှစ်ကျောင်းသား/သူလေးတွေအတွက်တော့  ပထမဆုံးအကြိမ်ဖြစ်တယ်။

သူတို့ဒင်နာပွဲကျင်းပရာနေရာက ကျောင်းနားအနီးက စားသောက်ဆိုင်ဖြစ်ပြီး  စားပွဲရှည်ကြီး နှစ်လုံး သီးသန့်ဖယ်ခိုင်းထား‌တာဖြစ်တယ်။


ဒင်နာပွဲပြီးခါနီးလောက်မှာ ရှီးချန်ရောက်လာတယ်။


ရှီးချန် ဝင်လာတာကို မြင်တာနဲ့ အခန်းထဲက လူတိုင်း စိတ်လှုပ်ရှားစွာ ထိန်းမနိုင်သိမ်းမရဖြစ်လာကြတယ်။


တကယ်တမ်းတော့ ဒီ တက္ကသိုလ်တစ်ခုလုံး၏ မဟာဌာနက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟာ သူတို့အတွက် နတ်ဘုရားတစ်ပါးအလားပင်။ နတ်ဘုရားဆိုတဲ့အတိုင်း  ရှီးချန်ဟာ သူ့ပညာရေး ကိစ္စများနဲ့ တအား အလုပ်များနေခဲ့တာကြောင့်မလို့ သူဟာ အငယ်တန်းနှစ်ကတည်းက တခြားကျောင်းသားတွေနဲ့  night out ထွက်တာမျိုးကို မြင်ရခဲပြီး ကျောင်းသားသမဂ္ဂက ကျင်းပတဲ့ ဒီလိုမျိုး စုဝေးပွဲတွေမှာ ပါဝင်ခြင်းကဲ့သို့သော အရာတွေကို သူ့လက်ထောက်တွေနဲ့သာ  လွှဲထားလေသည်။

ဒါ့ကြောင့် သူဟာ   ဘယ်လိုတွေ့ဆုံပွဲမှာမဆို ပါဝင်လာတာမျိုးက မြင်ရခဲလှသည်။


“ဥက္ကဋ္ဌ ဒီရောက်နေတာပဲ လာပြီးထိုင်လေ လာထိုင်”

သတင်းပြန်ကြားရေးဌာနရဲ့ ခေါင်းဆောင်က ရှီးချန်ကို စနှုတ်ဆက်လာသည်။  ဌာနအသီးသီးကခေါင်းဆောင်နဲ့ လက်ထောက်ဒုခေါင်းဆောင်  အနည်းငယ်ကလွဲပြီးတော့ လူသစ်လေးတွေက ရှီးချန်နဲ့ အရမ်းကြီး သိပ်မရင်းနှီးကြပေမဲ့ သူတို့အာလုံးဟာ  သူတို့ရဲ့ စီနီယာတွေအတိုင်းပဲ သူ့အား တလေးတစား ကြည့်လာကြတယ်။


“ဥက္ကဋ္ဌက ဒီပညာသင်နှစ်မှာ SCI စာတမ်း ကို ပြင်ဆင်နေရတာနဲ့ အလုပ်အရမ်းရှုပ်နေတယ်လို့  ငါကြားမိတယ် ”

“တတိယနှစ်‌တွေထဲက အနည်းငယ်လောက်ပဲ SCI စာတမ်း‌တွေကို ထုတ်ဝေနိုင်တာတဲ့လေ ဥက္ကဋ္ဌက တကယ်ကြီး အံ့အားသင့်စရာပဲ”

“တအားချော ‌တအားချော အား ထင်ထားတဲ့အတိုင်းပဲ  ငါတို့ရဲ့ နတ်ဘုရားလို့ခေါ်ထိုက်ပါပေတယ်ဟယ် သူ ဒီမှာပဲ ဘွဲ့လွန်ဆက်တက်မှာလား ဒါမှမဟုတ်  နိုင်ငံခြားကျောင်းသွားတက်မလားတော့မသိဘူး တကယ်လို့သာ နိုင်ငံခြားသွားမယ်ဆိုရင်တော့ ငါအရမ်းစိတ်မကောင်းဖြစ်မိတော့မှာပဲ”

ရှီးချန် ခေါင်းညိတ်ပြပြီး သူသိတဲ့သူတွေကို နှုတ်ဆက်ပြီးနောက် ရှီးနဉ်ဘေး တန်းဝင်ထိုင်လိုက်တယ်။

ရှီးချန်နဲ့ ဆက်ဆံရေးကောင်းတဲ့   သတင်းပြန်ကြားရေးဌာနရဲ့ ခေါင်းဆောင်က ဘေးနားက စားပွဲမှာ ရှိတာမလို့ ထို မြင်ကွင်း မြင်လိုက်ရတော့ လက်လျှော့ပေးဖို့  မလိုလားဘူးဖြစ်ကာ

“ဥက္ကဋ္ဌကလည်းဗျာ ကျွန်တော် ဥက္ကဋ္ဌကို ဒီမှာ လာထိုင်ဖို့ ဖိတ်ခေါ်ထားတာတောင် ကျွန်တော်တို့ဆီ ထိုင်မယ့်အစား  ကျွန်တော်တို့ဘေးက ဝိုင်းကို သွားထိုင်လိုက်သေး ဥက္ကဋ္ဌပဲပြောကြည့် ဒါ ဘက်လိုက်လွန်းရာကျမနေဘူးလား”


“ဒါပေါ့ ငါတို့ ဒီစားပွဲဝိုင်းမှာ ရှီးနဉ်ရှိတယ်လေ   သူ့ညီမလေးက ဒီမှာ ရှိမှတော့ သူလည်း  ဒီမှာ ထိုင်မှာ အသိသာကြီးပဲဟာကို”

စီစဉ်ညွှန်ကြားရေးဌာနရဲ့ ဒုခေါင်းဆောင်ကနေ ဝင်စလေသည်။


ရှီးချန် ထိုင်လိုက်ပြီးနောက် စားပွဲထိုးတွေက ဟင်းပွဲတွေအားလုံး တစ်ပွဲပြီးတစ်ပွဲ လာချလေသည်။


ကျောင်းသားစုဝေးပွဲတွေလိုပါပဲ အသောက်အစားလေးမပါဘဲနဲ့ မပြည့်စုံဘူးလို့ပဲ လူတိုင်း တွေးကြတာမလို့ ဒီဒင်နာပွဲကလည်း  ခြွင်းချက်မရှိ ပါ၏။ လက်ထောက်အတွင်းရေးမှူးတွေကလည်း သူတို့ ခေါင်းဆောင်တွေကို အရက်ငှဲ့ပေးကြသလို ခေါင်းဆောင်တွေကလည်း ဥက္ကဋ္ဌဆီသို့ အရက်ငှဲ့ပေးဖို့ ပြင်ဆင်ကြ‌လေသည်။

ရှီးချန်ဘေးမှာ ထိုင်နေတဲ့ ရှီးနဉ်ကတော့   သူမရဲ့အစ်ကိုဟာ မျက်တောင်မခတ်ဘဲ အရက်တစ်ခွက်ပြီးတစ်ခွက် မော့နေတာကို ထိုင်ကြည့်နေရသည်။

ရှီးနဉ်လည်း တခြားလက်ထောက်တွေအတိုင်း သူမရဲ့ဌာနက ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို အရက်အပြန်အလှန် လိုက်ငှဲ့ပေးလေသည်။


လူထုအမြင် ကောင်းမွန်စေရန် စီမံခန့်ခွဲရေးဌာန ခေါင်းဆောင် ကျီချူး ရောက်လာတော့ သူမ လုပ်ငန်းစဉ်က ပြီးဆုံးသွားပြီဖြစ်တယ်။ ကျီချူးဟာ ရှီးချန်ကို အရင်ဆုံး အရက်တစ်ခွက် ငှဲ့ပေးလိုက်ကာ အဲ့နောက် အရက်နောက်တစ်ခွက် ထပ်ငှဲ့ပြီး ရှီးနဉ်ကို ကမ်းလာတယ်။

“အလှလေးရေ ကိုယ်မင်းနဲ့အတူ တစ်ခွက်လောက်သောက်လို့ရမလား ကိုယ်မင်းကို ပထမဆုံးစစတွေ့ကတည်းက ကိုယ်တွေးမိတာက မင်းက အရမ်းလှပြီး ရင်းနှီးနေတဲ့ပုံပေါက်တယ် ကိုယ်တို့ တစ်နေရာရာမှာ ဆုံဖူးတဲ့ပုံပဲနော်”

၂၁ရာစုရောက်နေပြီကို တစ်ယောက်ယောက်ကနေ ဒီလို ရှေးပဝေဿဏီခေတ်ကတည်းက ပြောလာကြတဲ့ အီစကလီ စာသားတွေကို အသုံးပြုပြီး လာအီလိမ့်မယ်လို့ ရှီးနဉ် မမျှော်လင့်မိခဲ့ပေ။

သို့သော် တစ်ဖက်လူက သူမထက်က စီနီယာ ဖြစ်နေတာမလို့  အရက်ခွက်သူမဆီ ကမ်းလာတော့ သူမအနေနဲ့ ငြင်းဆန်လို့မရပေ။  ဒါကြောင့်  သူမ ခွက်ထဲ အရက်တစ်ဝက်လောက် ဖြည့်ကာ သောက်ဖို့အတွက် ခွက်ချင်းတိုက်မလို့ လုပ်ကာ ရှိသေး သူမဘေးက လူဆီကနေ ခွက် ဆွဲယူတာကို ခံလိုက်ရတယ်။

ရှီးချန်: “မင်း တကယ်ကို အဲ့ဒီလောက် သောက်ချင်နေရင် ငါမင်းနဲ့ အတူ သောက်ပေးမယ်”

ကျီချူး: “ဥက္ကဋ္ဌ အရက်သောက်တဲ့အခါမှာဆို ငါတို့ထဲက ဘယ်သူက မူးသွားတဲ့အထိ အတင်းတိုက်ကြလို့လဲ တစ်ငုံစာလောက်ကလေး အတူတူသောက်မှာလေ ငါ မင်း ညီမကို  မူးအောင် မတိုက်ပါဘူး  ဥက္ကဋ္ဌ နည်းနည်းတင်းကြပ်လွန်းတာမဟုတ်ဘူးလား ငါတို့ဌာနထဲမှာ ဘယ်မိန်းကလေးကများ အရက်နည်းနည်းလောက်တောင် မသောက်ဘဲနေကြလို့လဲ”

ရှီးချန်က ရှီးနဉ်ရဲ့ခွက်ကို ဆွဲယူကာ တစ်ကျိုက်တည်း သောက်ချလိုက်ပြီး ပြုံးကာ ပြောလိုက်တယ်။
“ငါ့မှာ ဒီညီမလေးတစ်ယောက်တည်း ရှိတာမလို့ သဘာဝကျစွာပဲ ငါအနီးကပ်စောင့်ကြည့်ရမှာက ငါ့တာဝန်လေ”

သူ့ညီမလေးကို ဘယ်လောက်တောင်မှ လွန်လွန်ကဲကဲ ကာကွယ်နေလိုက်သလဲဆိုတာကို မြင်ပြီး သူတို့မှာ မရယ်ဘဲ မနေနိုင်ကြတော့။



“ဟားးဟားးဟားး ရှီးနဉ်လေးရေ မင်း အစ်ကိုဆီကနေ ဒီလောက်ကြီးအထိ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ခံနေရတာက မင်းကို ဖိအားတွေအများကြီး ပေးနေတာမဟုတ်ဘူးလား?”

“ဥက္ကဋ္ဌ ရှင် ရှီးနဉ်ကို တအား မတင်းကျပ်လို့ မရဘူးလား  သူနဲ့ တို့  စာရင်းကောက်တုန်းကဆို  တစ်ယောက်ပြီးတစ်ယောက် ရှီးနဉ်နဲ့ စကားပြောဖို့အရေး  ပြိုင်ပွဲအတွက် နာမည်ပေးစာရင်းသွင်းတာကို  အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးပြီး နေ့တိုင်းလိုလိုကို လာကြတာလေ”

ကျီချူးက ရှီးချန်နဲကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာမလို့ သဘာဝကျစွာပဲ သူဟာ တခြားသူတွေလို မဟုတ် အထိန်းမရှိပေ။

အနှီအရက်ခွက် မော့သောက်ချလိုက်ပြီးနောက် သူက စနောက်လာတယ်။ 

“ ဥက္ကဋ္ဌ မင်း ဒီလို လုပ်လို့ မရဘူးလေကွာ မင်းက ဒီလိုတွေလုပ်နေတော့ ရှီးနဉ်ကို ဘယ်ကောင်လေးက လိုက်ရဲတော့မှာလဲ မင်းညီမလေးရဲ့ ဝေဆာနေတဲ့ အချစ်ပန်းလေးတွေကို  လွှင့်ထုတ်ပစ်မိမှာ မကြောက်ဘူးလား”

ရှီးချန် သူ့ဘေးနားထိုင်နေတဲ့ သူ့ညီမကို မျက်လုံးစောင်းကြည့်လိုက်တယ်။

“သူက ငယ်သေးတယ် ဘာအချစ်ပန်းလဲ”

သူတို့က ဒီနှစ်မှ ပထမနှစ်တွေ ဖြစ်ပြီး ကျောင်းတက်ခါစရှိသေး တွဲဖို့ ကောင်မလေး တစ်ယောက်ရှာဖို့ စိတ်အားထက်သန်နေကြတဲ့ ကောင်လေးမျိုးက ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး။ သူ့ညီမလေးက တအားကောင်းတာမလို့ ဘယ်လိုလူကများ သူနဲ့ လိုက်ဖက်မှာလဲ?


တကယ်လို့ သူမနဲ့ ထိုက်တန်မဲ့သူ တစ်ယောက်ယောက် ရှိလာခဲ့ရင်တောင်မှ သူ့စမ်းသပ်ချက်ကို အရင်ကျော်ဖြတ်ရဦးမှာပဲ။ သူ့ညီမကို ရဖို့ လွယ်လွယ်ကူကူတော့ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။


သူမရဲ့ အစ်ကို ‌ပြောတာကြားပြီးနောက် ရှီးနဉ် တိုးတိုးလေး အထွန့်တက်လာတယ်။

“ကိုကို ညီမလေးက မငယ်တော့ဘူး လူကြီးတစ်ယောက်ဖြစ်နေပြီ”

“ညီမလေးက အသက်ပြည့်ပြီးတာ တစ်နှစ်တောင်မရှိသေးဘူး  အဲ့တာ ကလေးပဲ မဟုတ်လား ”

ကျီချူးက ပြောလာသည်။

“ကြည့်ပါ့လား မင်းညီမကလည်း မင်း ဒီလိုအရမ်းကြပ်မတ်နေတာကို ကြိုက်ပုံမရဘူး ကလေးတွေလည်း အရွယ်ရောက်နေပါပြီကွာ လွတ်လပ်ခွင့် ပေးချိန်တန်နေပြီ ဥက္ကဋ္ဌရဲ့ ငါ့အထင်တော့ ရှီးနဉ်က တကယ်ကြီး ရည်းစားလေးထားချင်နေတယ်နဲ့တူတယ် ဟုတ်တယ်မလား ရှီးနဉ်လေး”


“တကယ်တော့ ညီမ ……”

သူမနဲ့ လင်းဆူနိုက တွဲဖြစ်တာ မကြာသေးသလို သူမရဲ့အစ်ကိုကလည်း ‌အခုနောက်ပိုင်း နေ့တိုင်းအလုပ်ရှုပ်နေတာကြောင့်မလို့ မောင်နှမနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ကို အချိန်မရှိခဲ့ကြချေ။

ဒါ့ကြောင့်မလို့  ရှီးနဉ်ဟာလည်း သူမနဲ့ လင်းဆူနိုတို့ တွဲနေပြီဆိုတဲ့အကြောင်း သူ့ကို ပြောပြဖို့ရာ အခွင့်အရေးမရှိခဲ့ပေ။ ဒီအခွင့်အရေးကိုယူပြီး သူမရဲ့အစ်ကို ဝန်ခံလိုက်ပြီး  လက်သင့်ခံပေးဖို့ကို တွေးမိလေသည်။


“မင်း ဘာပြောလိုက်တယ်?” ရှီးချန်က ကျီချူးကို အေး‌တိအေးစက်အကြည့်စူးစူးတွေ ပစ်လွှတ်ကုန်သည်။


“ငါ့ညီမလေးကို မင်းလိုများထင်နေတာလား အစ်ကိုတစ်ယောက်အနေနဲ့ သူဘယ်လိုမျိုးလဲဆိုတာ ငါက ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ?”

လူတော်တော်များများက ရှီးချန်ကို အရက်ငှဲ့ပေးဖို့ အလှည့်ကျ လုပ်ပေးနေကြပေမဲ့ သူဟာ အဲ့လောက် မမူးသေးသော်လည်း ပုံမှန်အသံထက်ကို ပိုပြီး မကြည်မသာနဲ့ ကျယ်‌လောင်နေတယ်ဆိုတာ တွေးကြည့်စရာမလိုဘဲ သိနေမိ၏။

သူ့လက်ကို စားပွဲခုံပေါ် တဒေါက်ဒေါက် ခေါက်ကာ ယုံကြည်ချက်ရှိစွာ ပြောလာသည်။ “ငါ့ညီမက ဘယ်လိုလဲဆိုတာ ငါသိတယ် သူ အခု အချစ်ကို သေချာပေါက် စိတ်မဝင်စားသေးဘူး ဒါ့ကြောင့်မလို့ မင်းတို့ကောင်တွေ ငါ့ညီမကို စိတ်တောင်မကူးကြနဲ့”

သူ ဒါကို ပြောနေရင်း မျက်လုံးကို ကျုံ့ကာ အခုရောက်ရှိနေကြတဲ့ လူတွေကို သတိပေးတဲ့အကြည့်ဖြင့် လိုက်ကြည့်လေသည်။

သူ့ညီမထိ ဓားကြည့်ဆိုတဲ့အထာနဲ့  သူ့ညီမကို လာအကဲစမ်းရဲတဲ့ ဘယ်သူ့ကိုမဆို အသတ်ခံရလိမ့်မယ်ဆိုတာကို ပြောနေတဲ့ သဘောပင်။

“ဟုတ်တယ် ဟုတ်တယ် စိတ်မပူပါနဲ့ ဥက္ကဋ္ဌ ဒီမှာ ဥက္ကဋ္ဌရှိနေသရွေ့ ဘယ်သူထိရဲမှာတဲ့လဲနော့်!”

“အဲ့တာအမှန်ပဲ ကျွန်တော်တို့ အဲ့လိုစိတ်ရှိရင်တောင် သတ္တိမရှိကြဘူး မဟုတ်လား အဲ့ဒီအပြင် ရှီးနဉ်လို လူတစ်ယောက်ကို လိုက်မယ်ဆိုရင် မှန်အရင်ဆုံးကြည့်ဖို့  လိုတယ်လေ”

“ကောင်းတယ်  မင်းတို့ အသိတရားရှိကြတာ”


ရှီးချန်က သူ သူ့ညီမကို သမသွားမဲ့ ငတိတွေကို ခြောက်လှန့်နိုင်လိုက်တာကို သိသိသာသာ ကျေနပ်သွားပြီး  သူ့ရဲ့ သတ်တော့ဖြတ်တော့မဲ့ အကြည့်တွေကို ပြန်သိမ်းလိုက်ကာ  တခြားသူတွေနဲ့ ဆက်သောက်၏။


ခဏလောက် သောက်ပြီးမှ သူ တစ်ခုခုကို စဉ်းစားမိသွားကာ ရှီးနဉ်ကို မေးဖို့ ခေါင်းလှည့်လာတယ်။



“နဉ်နဉ် ညီမလေး ခုနက ကိုကို့ကို ပြောစရာ တစ်ခုခုများ ရှိနေလို့လား”


“…..”

အစကတော့ ရှိတယ် ဒါပေမဲ့ အခု မရှိတော့ဘူး။


သူမ အစ်ကိုက ခုနက အဲ့ဒီစကားလုံးတွေ ပြောပြီးပြီးချင်းပဲ မျက်နှာကိုတည့်တည့်ဖြတ်ရိုက်လိုက်လို့ မဖြစ်ဘူးလေ။

“ဘာမှမဟုတ်ပါဘူး ကိုကို ကိုကိုပျော်နေတာကောင်းပါတယ်” ရှီးနဉ် သူ့ကို နာခံစွာ ပြုံးပြလိုက်မိတယ်။

Thanks for READING 💟

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now