I Can Hear Your Voice-31(Z,U)

8.1K 1K 6
                                    

(zawgyi)

သူ အမှောင်ထဲမှာ လမ်းပျောက်နေခဲ့ပြန်ပြီ။
သူ့မှာနာမည်မရှိ...။မဟုတ်ဖူး..သူ့မှာနာမည်ရှိမှာပါ...။သူ့ နာမည်က ဘာဆိုသည်ကို သူ မမှတ်မိနေလေခြင်းပင်...။ဒီနေရာကိုရောက်ဖူးနေသလို ခံစားနေမိသည်...။မှောင်မည်းနေပေမယ့် အဲ့ဒီ့အမှောင်တွေနဲ့ပဲနေသားကျနေခဲ့သလိုပင်..။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူရောက်နေသည့်နေရာကို စိတ်ထဲမှာပဲရင်းနှီးနေသလိုလို...။ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ တိမ်တွေကင်းစင်နေပြီးတဖျောက်ဖျောက်နှင့်လင်းလက်နေသည့် ကြယ်တွေကိုဝိုးတဝါးတွေ့မြင်နေရသည်။လရောင်မရှိသည့် ညတစ်ညမှာမြူတွေကလည်း ရစ်ဆိုင်းလာပြန်သည်။

သူနှင့်ခပ်လှမ်းလှမ်းအဝေးတစ်နေရာဆီမှ...ခေါ်သံကိုကြားလိုက်ရသည်။သူ့ကိုခေါ်သည်လား ဘာလားတော့မသိ..။အသံကလည်း ကောင်လေးတစ်ယောက်၏ အသံဖြစ်သည်။သူ နားစိုက်ထောင်ကြည့်နေစဉ်မှာပင် မြူတွေဆိုင်းနေသည့် ကြားမှ လူတစ်ယောက် သူ့ဆီလျှောက်လှမ်းလာသည်ကိုမြင်လိုက်ရသည်။အလင်းရောင်က စူးရှလွန်းလို့ ဘယ်သူမှန်းမသိသည့် လူတစ်ယာက်အနားကပ်လာသည်ကိုကြောက်ရွံ့ပြီး နောက်သို့ဆုတ်မိချိန်တွင်သူမြေကြီးပေါ်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားခဲ့သည်။အလင်းကစူးရှလွန်းလှတာကြောင့် မော့ပြီးကြည့်နေသည့်မျက်လုံးတွေကို အောက်သို့ပြန်ငုံ့ချလိုက်မိသည်။သူမျော်လင့်မထားသည့်လက်တစ်စုံကသူ့ ရှေ့သို့ရောက်လာခဲ့သည်။လှပလွန်းသည့် လက်သွယ်သွယ်ကြောင့် မိန်းကလေးတစ်ယောက်ဟုပင် ထင်မှတ်ချင်စရာကောင်းလှသည်။

ခုဏတုန်းက နာမည်တစ်ခုကိုတစ်ကြော်ကြော် အော်ခေါ်နေသည့် ကောင်လေးဖြစ်ရမည်။ဘယ်သူလဲသိချင်လွန်းသဖြင့် သူပြန်မော့ကြည့်လိုက်စဉ်တွင် အလင်းတန်းကစူးရှလွန်းတာကြောင့်
မျက်လုံးကိုချက်ချင်းပြန်မှိတ်ပြစ်လိုက်ရသည်။

မျက်လုံးနှစ်လုံး ပြန်ဖွင့်လာချိန်တွင် မျက်နှာကျက်ဖြူဖြူကိုမြင်လိုက်ရ၍ ဆေးရုံတွင်ရောက်နေခဲ့ပြီဆိုတာသိလိုက်ရသည်။ခေါင်းထဲမှဆစ်ခနဲထိုးကိုက်မှုကြောင့် ခဏပြန်ပြီးမှိန်းနေမိသည်။ခေါင်းထဲကိုမစဉ်းစားပဲနှင့် ဝင်ရောက်လာသည်က
အိမ်မက်အကြောင်းပင်...။ဘာကြောင့်
ဒီအိမ်မက်ကိုခဏခဏမက်နေရသနည်း။
သူ့အိမ်မက်ထဲပါပါလာသည့် မျက်နှာမမြင်ရသော ကောင်လေးက ဘယ်သူပါလဲ..။
အိမ်မက်အကြောင်း စဉ်းစားလိုက်ရင် လုံးဝကိုယုတ္တိမရှိပြန်ဘူး...။အိမ်မက်ဆိုသည့် အတိုင်း
မက်ချင်တာတွေကိုမက်နေတော့တာပဲ..။

I Can Hear Your Voice (Completed)Where stories live. Discover now