Part 15

1.3K 241 16
                                    

Unicode

ချန်းယောလ် ဘခ်ဟျွန်းနောက် လိုက်နေသည့်တစ်လျှောက် မိမိပုံရိပ်အား တတ်နိုင်သလောက် လူကြားထဲ ဖုံးကွယ်ခဲ့သော်ငြား ထိုကောင်လေးကတော့ သတိပြုမိခဲ့၏။ မတတ်နိုင်။ သူ၏မွေးရာပါစွမ်းရည်ကိုက ထူးကဲနေခြင်းကြောင့်ဖြစ်မည်ဟုသာ တွေးရင်း အသည်းအသန် ဖုံးကွယ်မနေတော့ဘဲ အေးဆေးသာ လိုက်ဖြစ်ခဲ့သည်။

ဆိုင်တစ်ဆိုင်အရောက် ခြေလှမ်းများတုံ့ကနဲရပ်သွားသည်မို့ ထိုကောင်လေး အကြည့်ပို့ရာ လိုက်ကြည့်မိတော့ မြင်လိုက်ရသည်က အမည်မသိ အရောင်စုံ မုန့်များ။ အဝေးကနေ မြင်ရသလောက်တော့ အချိုမုန့်လေးတွေဖြစ်ပုံပေါ်ပြီး မျက်လုံးတောက်တောက်လေးများနှင့် ကြည့်နေပုံက တစ်စက္ကန့်လောက်သာ ကြာပြီး ခပ်မြန်မြန်ဖုံးကွယ်လိုက်သော်ငြား ထိုပုံစံလေးက ချန်းယောလ် မျက်လုံးထဲကမထွက်တော့။

၎င်းကောင်လေးတို့ ထွက်သွားရာနောက်ကို လိုက်လာရင်း ထိုဆိုင်ရှေ့ခြေစုံရပ်ကာ ကြည့်လိုက်တော့ ထင်သည့်အတိုင်း တစ်ကိုက်စာသာရှိလောက်မည့် မုန့်သေးသေးလေးတွေ။ ပါဆယ်ထုတ်ပိုးပြီး ထိုကောင်လေးပြန်ရောက်လောက်မည့် အချိန်မှသာ လာပို့ရန် လိပ်စာရေးငွေရှင်းပေးခဲ့သည်။ ချန်းယောလ် အတွက်တော့ ပိုက်ဆံဆိုသည်က အရေးစိုက်စရာပင်မလိုသည်မို့ စျေးလည်းကြည့်မနေ။

မုန့်လာပို့သည့်အချိန်တွင် သိသိသာသာ ပျော်ရွှင်မြူးထူးသွားသည့် ထိုကောင်လေး အမူအရာက ချန်းယောလ် ကို စိတ်ကျေနပ်စေသည်။ ဤမျှလောက်တောင် ကြိုက်နေသည်ဆိုလည်း နောက်ခဏခဏ ဝယ်ကျွေးရမည်ဟုသာ တွေးထားလိုက်သည်။ စားပြီးသည်နှင့် ဖွင့်ထားလက်စ စာအုပ်ကိုပင် မကြည့်တော့ဘဲ ခြေလက်ဆေးကာ ချက်ချင်းအိပ်ရာခင်းပစ်လှဲသွားသည်။ ဒီနေ့ညတော့ အိပ်တာစောသားပင်။

အသက်ရှူသံမှန်မှန်နှင့် အိပ်မောကျသွားပြီဆိုကာမှ အသွင်ပြောင်းကာ ထိုကောင်လေးနား ထိုင်ချလိုက်သည်။ ခေါင်းလုံးလုံးပေါ် ခပ်ဖွဖွကိုင်ကာ အနွေးဓာတ်ကိုလွှတ်ပေးတော့ သဘောကျသည့်အလား ကိုယ်ကိုလှိမ့်သည်။ အနားတွင် တစ်ညလုံး ရှိပေးနေသည်ထက်စာရင် ဤအနွေးဓာတ်က နည်းသည်ဆိုသော်ငြား ရသလောက် နွေးထွေးစေပြီးသည်နှင့် အပြင်ထွက်လာလိုက်သည်။ ချန်းယောလ် ထိုကောင်လေးနှင့် နီးနီးကပ်ကပ်မနေသင့်ပါ။ ရုန်းထွက်မရတော့မည်ကို သူကြောက်သည်။

The LOEYWhere stories live. Discover now