Part 17

1.1K 233 17
                                    

Unicode

ရေချိုးခန်းထဲပြေးဝင်သွားသော ကောင်လေးအား ချန်းယောလ်မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးကာမှ ကြမ်းပြင်တွင်ချထားခဲ့သော ဓားမြှောင်လေးထံ အကြည့်ပို့လိုက်သည်။

အနားတွင်ကပ်နေသော လတွေအတွင်း ထင်ထင်ရှားရှား ထူးခြားမှုဟူ၍ ဤတစ်ခုသာရှိသေးသည်။ ပိတ်ရက်ဖြစ်သည်ကို အပြင်သွားသည်ကြောင့် လိုက်မိတော့ ဦးတည်နေသည်က ချန်းယောလ်တို့ ဗဟိုစံအိမ်ရှိရာ တောင်ခြေကို။ သို့ပေမယ့် အနည်းငယ် ဝေးသည့် ရွာတစ်ရွာထံမို့ စိတ်ချလက်ချတော့ ဖြစ်လိုက်သည်။ သို့သော်ငြား မထင်မှတ်ထားဘဲ ပါလာသည်က ဓားမြှောင်ဖြစ်နေသည်ပင်။ ရိုးရိုးဓားမြှောင်မဟုတ်ပါပေ။ ချန်းယောလ်ကို သတ်နိုင်သည့်လက်နက်ဖြစ်သည်။

သုံးခုထဲက ပျောက်ဆုံးနေသည့် တစ်ခုက ဘခ်ဟျွန်းလက်ထဲ ရောက်လာသည်လား။ ဖြစ်နိုင်ချေ နည်းသော်ငြား မျက်စိရှေ့တွေ့လိုက်ရသည်ကတော့ အမှန်ဖြစ်သည်။ ဟောင်းနွမ်းကာ သံချေးတတ်နေသည့် သဏ္ဍာန်ကြောင့် လောကကြီးထဲ မရောက်တာကြာလောက်ပြီ ဖြစ်ပြီး တစ်စုံတစ်ယောက်က တမင်တကာ ဝှက်ထားပေးခြင်းဖြစ်မည်ဟုသာ ခန့်မှန်းချက်ထုတ်မိသည်။

ချန်းယောလ်က စိုးရိမ်စိတ်ပူနေရသလောက် ထိုမိုချီတုံးလေးကတော့ ဘာမျှမသိ အေးဆေးပင်။ ဓားကိုကောက်ယူကာ မီးဖိုချောင်သုံးရန် တခြားဓားများနှင့်အတူ စိုက်ထားလိုက်သေးသည်။ သုံးလောကတစ်ခွင်လုံး ငမ်းငမ်းတက်အလိုရှိနေသည့် ထိုဓားမြှောင်ခမျာ ဘခ်ဟျွန်းမီးဖိုချောင်ထဲတွင် တခြားဓားများနှင့်အတူ သနားကမားဖြင့်။

ဘခ်ဟျွန်းအိပ်သွားသည်နှင့် ချန်းယောလ်ထိုဓားအား ကြည့်ရှုရန် ဗီရိုပေါ်က ဆင်းလာလိုက်သည်။ ဓားကိုထုတ်ယူကြည့်မိတော့ အစပထမ သံချေးတက်တုံးနေဟန် ဓားသွားက တဖြည်းဖြည်းအရောင်လတ်ချင်လာ၏။ အလုံးစုံတော့ မသိသာသေးသော်ငြား ချန်းယောလ်မျက်လုံးထဲတော့ တန်းသိသည်။ သေချာဆန်းစစ်ကြည့်ပြီးမှ ထိုဓားအား နေရာတွင် ပြန်ချထားလိုက်သည်။ သို့ပေမယ့် ပြုတ်ကျသွား၏။ ချလွင်ကနဲ မြည်သံကြောင့် အိပ်နေသည့်ကောင်လေးထံ စိုးရိမ်တကြီးလှည့်ကြည့်မိသည်။ မနိုးသေး။

The LOEYWhere stories live. Discover now