Part 57

1.1K 185 44
                                    

Unicode

မထင်မှတ်ထားသော အီဂျူး၏တိုက်ခိုက်မှုသည် ဘခ်ဟျွန်းအား ရန်သူတွေအပေါ် အာရုံကင်းလစ်သွားစေသည်။ ထို့ထက် ရုတ်ချည်းဆန်စွာ ပေါ်ပေါက်လာသော ဓားခုတ်ကောင်၏လူအသွင်က ပို၍ပင် အသိလစ်ဟင်းသွားစေပြီး အနောက်ပါးက အလစ်ဝင်တိုက်လာသော ဓားချက်ကိုပင် ဘခ်ဟျွန်း အာရုံမပြုလိုက်မိ။

ဘခ်ဟျွန်းကသာ မသိသော်ငြား ဓားခုတ်ကောင်ကတော့ အာရုံခံစားမှုအားကောင်းသည်ထင်၏၊ ချက်ချင်းပင် အနောက်လှည့်လာပြီး ထိတ်လန့်တကြား အော်ဟစ်လာ၏။

"သတိထား - !!!"

ဘခ်ဟျွန်း မရှောင်တိမ်းမိသေးခင်မှာပင် လှည့်ကြည့်မိလိုက်တော့ သူ့ကျောနောက်ထံ တည့်တည့်ပစ်ဝင်လာသော ဓားမြှောင်တစ်ခု။ အလွန်နီးကပ်နေသော အကွာအဝေးဖြစ်လင့်ကစား အလျင်ကိုဂိတ်ဆုံးပို့လျက် ရှောင်တိမ်းမိလိုက်သည်။ သို့တိုင် ဓားဦးဖျားနှင့် ဘခ်ဟျွန်းအရေပြားလျှပ်ထိကာ သွေးစများ ထွက်လာချိန်မှာပင် သိသိသာသာ လေထုထဲရပ်တန့်သွားသော ထိုဓား။

သွေးတို့လျှံထွက်လာသော လက်မောင်းကိုဖိလျက် ဘခ်ဟျွန်းမော့ကြည့်လိုက်တော့ ထိုဓားသည်လေထဲ ခဲတောင့်သလို ရပ်နေလျက်။

"ဘာဖြစ် -"

နားမလည်ပါးမလည် ဓားခုတ်ကောင်ထံလှည့်ကြည့်လိုက်တော့လည်း ရပ်တန့်နေသော အမူအရာတွေ။ လန့်ဖြတ်နေသော အမူအရာတွေ၊ အီဂျူး၏ဒေါသတကြီး တိုက်ခိုက်နေသော အမူအရာတွေသည် တီဗွီရီမုတ်ဖြင့် ခေတ္တရပ်ထားသကဲ့သို့။ ကြောင်အစွာပင် ပတ်ဝန်းကျင်ကိုလည်း သတိထားကြည့်မိတော့ လေထုကပါ အမှုန်အမွှားခပ်ဝဲဝဲလေးသာ ပျံဝဲလျက် ရပ်တန့်နေကြောင်း ဘခ်ဟျွန်း သတိထားမိလိုက်သည်။ အချိန်တွေရပ်နေသလိုမျိုး။

ဘခ်ဟျွန်းထိတ်လန့်သွား၏။

လက်တွေတုန်ရီလာကာ သူတစ်ယောက်တည်းလှုပ်ရှား၍ရနေသော ပတ်ဝန်းကျင်ထဲ ယောင်ချာလည်နေတုန်း အနောက်ပါးမှ ရယ်သံတစ်ခု။

ဘခ်ဟျွန်းချာကနဲလှည့်ကြည့်လိုက်သည်။ ခန္ဓာကိုယ်ဟာလည်း အသင့်အနေအထားနှင့် ခုခံလိုခြင်းအပြည့်။

The LOEYWhere stories live. Discover now