Part 31

1.4K 256 66
                                    

Unicode

နားထဲ ကျလိကျလိနှင့် တိုးဝင်နေသော ငှက်သံပေါင်းစုံကြောင့် အသိစိတ်မနိုးကြားသေးခင်တွင်ပင် ဘခ်ဟျွန်း မျက်မှောင်အရင်ကြုတ်မိသည်။ ထချိန်ရောက်ပြီဖြစ်ကြောင်း ပတ်ဝန်းကျင်က နှိုးစက်သဖွယ် သတိပေးနေသည့်တိုင် ဘခ်ဟျွန်းမထချင်သေး၊ ညက အိပ်ရာဝင်နောက်ကျသွားသည်မို့။

အားပါးတရ သမ်းဝေပြီး အပျင်းကြောဆန့်ကာ လူးလိမ့်လိုက်မိသည်။ အိပ်မှုန်စုတ်ဖွားဖြင့် ထထိုင်လိုက်သည့်တိုင် မျက်လုံးကမပွင့်သေး။ လည်ပင်းသားတို့ကို ကုပ်ကာ ပြတင်းပေါက်ဘက်အကြည့်ပို့လိုက်တော့ ဘခ်ဟျွန်းနှင့် အကြည့်ချင်းဆုံသွားသော ငှက်နှစ်ကောင်။

"ပကျိ ပကျိ"

အတောင်လေးတဖျက်ဖျက်နှင့် အော်ပြလိုက်သေးသည်။ ဘခ်ဟျွန်း မျက်လုံးခပ်အစ်အစ်က အိပ်ချင်မပြေသေးသည့်နှယ်၊ မျက်ချေးအတောင့်လိုက်ဖြင့် မှုန်ဝါးနေပါ၏။

"ဒါမျိုးကျ အချိန်က တိကျလိုက်တာ"

နိုးကာစမို့ အသံကခပ်အက်အက်။ ယခုနောက်ပိုင်း သိသိသာသာ ထူးဆန်းသည့်အချက်ဆိုလျှင် ယခုလို အကောင်လေးတွေက သူ့အနား နီးနီးကပ်ကပ်နေလာခြင်းပင်။ ယခင်တစ်ပတ်လောက်ကတည်းက အစာကျွေးလိုက်မိတာ မနက်မိုးလင်းတိုင်း ယခုလိုအချိန်ဆို ပြတင်းပေါက်နားကနေ သံပြိုင်ပေးပြီးနှိုးနေပြီ။ သူ့အဖြစ်က ဒစ်စနေးမင်းသမီးလေးလို။ သက်ပြင်းတစ်ချက်ချကာ ပြတင်းပေါက်တံခါးလေးကို ဆွဲဖွင့်လိုက်တော့ တစ်ကောင်က ပျံဝဲဝင်လာပြီး ဘခ်ဟျွန်း၏ ရှုပ်ပွနေသောဆံပင်အပုံထဲ ဝင်ထိုင်၏။ ငှက်သိုက်နှယ်။

"......."

ဒါပုံမှန်တော့မဟုတ်လောက်။ ချန်းယောလ် ယူလာပေးသမျှ စာအုပ်အထူကြီးတွေထဲတွင် ဖတ်ရသလောက်ဆိုလျှင် ထိုသို့ သတ္တဝါတွေက သူတို့စွမ်းအားရှင်တွေအနားကို ပို၍ကပ်ခဲသည်တဲ့။ လူတွေကိုတောင် ကြောက်လန့်နေကြသည့် သေးသေးမွှားမွှားမျိုးစိတ်လေးတွေက ချန်းယောလ်တို့လို စွမ်းအားရှင်တွေဆို ပိုကြောက်တတ်ကြသည်။ သို့သည့်တိုင် ဘခ်ဟျွန်းကျ ဘာ​ကြောင့်လဲ၊ ဟိုမရောက်ဒီမရောက်မလို့လား။ မကြောက်သည့်အပြင် ခေါင်းပေါ်ပင် ချီးတက်ပါမတတ်ပင်။

The LOEYWhere stories live. Discover now