Part 47

1.6K 191 47
                                    

[ Unicode ]

နေ့ရက်တိုင်းလိုလိုက ဘခ်ဟျွန်းအတွက်ပျင်းစရာ မဖြစ်ခဲ့ချေ။ မနက်မိုးလင်း မျက်လုံးဖွင့်တိုင်း တစ်နေ့တာလုံးကို ချန်းယောလ်နှင့်အစပြုရသလို ညအိပ်ချိန်တွင်လည်း ချန်းယောလ်နှင့်သာ ကုန်ဆုံးသည်။ ပျင်းဖို့မဆိုလေနှင့်၊ နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာဖြစ်လာသလို ဘခ်ဟျွန်းလိုချင်နေသည့် ဘဝပုံစံဆိုလျှင်လည်း မမှား။ သို့တိုင် အဓိကပြဿနာသည်ကား သူအပျော်လွန်နေသည်။ အချိန်တွေကြာလာသည်နှင့်အမျှ ပျော်ဝင်သထက် ပျော်ဝင်လာရပြီး အဆိုးဆုံးသည် ဘာဆိုဘာမှမလုပ်ချင်တော့ဘဲ ချန်းယောလ်နှင့်သာ နေ့တိုင်း အချိန်ဖြုန်းချင်နေတော့တာဖြစ်သည်။ ကိုယ့်စိတ်ကိုယ်လည်း သူထိန်းချုပ်၍မရနိုင်။

သို့တိုင် ချန်းယောလ်သည်ကား သူ့ထက်ပိုဆိုးသည်။ ဟိုးအရင်အချိန်များတွင် ထိုလူကဆွဖို့ခက်ခဲသည်ဟု ဘခ်ဟျွန်းထင်ခဲ့မိဖူးသည်။ သို့တိုင် နောက်ဆုံးတော့လည်း ကျားကကျားပင်။ သူကပျော်ပါးချင်၍ စနောက်မိပါမူ ချန်းယောလ်သည် ထိုထက် 'ဆယ်ဆ' မျှ သူ့ကိုပြန်စနောက်သည်။ သေချာပေါက်တော့ စနောက်သည်ဆိုတိုင်း ရယ်စရာမကောင်းပေ။

ယခုလည်း မနက်အိပ်ရာထထချင်း နံဘေးတွင် ချန်းယောလ်ကိုမတွေ့မိ၍ အခန်းပြင်ထွက်ကြည့်တော့မှ မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော ထိုလူကိုတွေ့လိုက်ရသည်။ ဘေးနားရှိအခန်းတံခါးဘောင်ကို အသာမှီချကာ ရပ်ကြည့်နေမိသည်က အချိန်မည်မျှကြာမှန်းမသိ။ ဘခ်ဟျွန်းခြေသံတွေကို ကြိုးစားဖျောက်ထားသည်။ အသက်ရှူသံကိုလည်း ပတ်ဝန်းကျင်လေထုတွင် သိသိသာသာ ပြောင်းလဲထွက်ပေါ်မနေစေရအောင် ကြိုးစားထိန်းချုပ်ထားနိုင်သလောက် မထိန်းချုပ်နိုင်သည်က ရင်ဘတ်ထဲကဆုန်ပေါက်နေသော နှလုံးခုန်သံ။ မည်သို့ပင်ဖြစ်စေ၊ ချန်းယောလ်သည် တစ်ချက်လှည့်ကြည့်မလာဘဲ ဟင်းချက်ပြုတ်ရာတွင်သာ အာရုံရောက်နေပုံပေါ်သည်မို့ ဘခ်ဟျွန်း ကိုယ့်အရည်အချင်းအပေါ် အနည်းငယ်တော့ ယုံကြည်စိတ်ချထားမိသည်။ ထို့နောက် ထိုပုံစံအတိုင်း သတိချပ်လျက်ပင် ချန်းယောလ်အနားတိုးကပ်သွားပြီး အနောက်ကနေ လက်လျှိုသွင်းကာ ခါးကိုအားဖြင့်ဖက်ချလိုက်၏။

The LOEYWhere stories live. Discover now