[Unicode]
(အပိုင်း-၄)"လွန်းရေ! မောင် ဝင်ခဲ့မယ်နော်"
သော့တံကို လက်ကိုင်ဘုမှာထည့်ကာ လော့ခ်မဖွင့်ခင် အထဲကလူကို ခွင့်ပြုချက်တောင်းတော့ အသံပြန်မလာ။ တံခါးကိုအသာဖွင့်ပြီး အခန်းထဲဝင်သွားလိုက်သည်။ ပြေးကြည့်ရင်တောင်လွဲဉီးမည်။ မှောက်ခုံလှဲကာ ခေါင်းအုံးပေါ်မျက်နှာအပ်လျက် ပုခုံးသားများတသိမ့်သိမ့်တုန်စွာ တအိအိ ငိုနေတာက ကလေးတစ်ယောက်ကဲ့သို့။
"လွန်း.."
လေသံကိုအတတ်နိုင်ဆုံး အောက်ချနှိမ့်ပြီးခေါ်သော်ငြား လှည့်မကြည့်။
"လွန်း..."
ဘုန်း!!!
သေစေချင်တဲ့ရည်ရွယ်ချက်နဲ့ မျက်နှာတည့်တည့်ဆီ ဝင်လာသည့်ခေါင်းအုံးပျံကို အမှီဖမ်းလိုက်နိုင်၍သာ တော်ကာကျသည်။ ပုံသွင်းထားတဲ့ဆံပင်စက အချောင်းလိုက်အစုလိုက် မိုးပေါ်ထောင်နေကာ ဇာမ့်ကို ကြည့်နေသည့် မျက်လုံးဖောင်းရဲရဲတွေက မှင်သေသေ။ ကျစ်! မျက်ကပ်မှန်မချွတ်ဘဲ ငိုပြန်ပြီ!
"လွန်းကွာ..ငိုရင်လည်း မျက်ကပ်မှန်လေးတော့ ချွတ်ဉီးမှပေါ့..မောင် ခဏခဏပြောရက်နဲ့"
စိတ်ပူစကားဆိုရင်း မျက်နှာနုနုဆီလက်လှမ်းမိလျှင်...
"မထိနဲ့!"
ပုတ်ချခံလိုက်ရသည့်လက်က အရင်းကနေကို အောင့်ခနဲနာတယ်လို့ပြောရင် ယုံ။ ရန်ပွဲချန်ပီယံ လွန်းစေတမာန်ရဲ့ လက်အားက သာမာန်တော့မဟုတ်ပေ။ ဇာမ်က လွန်းလောက်တော့ အသာလေးပေမယ့် ကိုယ့်ခင်ပွန်းဖြစ်နေလို့ လွန်းဖြစ်နေလို့ လက်ဖျားနှင့်ပင်မရွယ်ရက်တာဖြစ်သည်။
"မောင် တောင်းပန်တယ်နော် ၊ လွန်းကြိုက်တဲ့ ခရမ်းသီးရောင်လေးဆိုးပေးမယ်လေ၊ highlight ကြီးတော့ မထားနဲ့တော့နော်"
"မကိုင်နဲ့!"
ဆံပင်ကိုသပ်ပေးမည့် လက်ချောင်းတို့ကလည်း ဖြတ်ခနဲအရိုက်ခံလိုက်ရပြန်သည်။ မှောင်ကုပ်ကုပ်မျက်နှာထားနှင့် လက်နှစ်ဖက်ကို ပိုက်ပြီး ကုတင်ဘောင်ကိုမှီထားသော အကြောတင်းလေးကို စိတ်ဆိုးချင်သွားပေမဲ့ မချိပြုံး,ပြုံးလိုက်ရ၏။