[Recommend song- Country Roads(John Denver)]
••••
ဒီနေ့က ကချင်မှာနေရမယ့်နောက်ဆုံးနေ့။ကားပြတင်းတံခါးပေါ် လက်တင်၍ ရေခဲတောင်တွေ၊ ကော်ဇောအသွင် အခင်းစိမ်းတွေ ကိုငေးကြည့်မိသည်။ တောင်ပတ်လည်ဝိုင်းနေသည့် ဤဒေသမှာ မြင်သမျှကငေးချင်စရာအတိ။ လည်စရာတွေ မကုန်သေးပေမယ့် မောင့်အလုပ်တွေကရှိသေးတာမို့ ရန်ကုန်ကိုမပြန်လို့လည်းမဖြစ်။
"နောက်ငါးရက်လောက်ထပ်နေကြဦးမလား"
"တော်ပါပြီ၊ မောင့်ကုမ္ပဏီက ပစ်ထားလို့မှမရတာ"
"ရပါတယ်၊ အလုပ်နဲ့မိသားစုနဲ့ ယှဥ်စရာမလိုတာ"
ခေါင်းသာယမ်းပြမိသည်။ မနေ့ညက ကိုသုဖုန်းဆက်တာ လွန်းကြားသည်။ လက်အောက်ဝန်ထမ်းတွေတော်တယ်ဆိုသော်ငြား အုပ်ချုပ်သူနေရာက အကြာကြီးလစ်လပ်ထားလို့မရတာ လွန်းလည်း နားလည်ပါ၏။
"ကူးကူးရောနေချင်သေးလား"
နောက်ခန်းထိုင်ခုံရှည်မှာ ခါးပတ်ပတ်ပေးထားပြီး ဟိုဘက်လှည့်၊ဒီဘက်လှည့်နဲ့ ငြိမ်ငြိမ်ကုပ်ကုပ်ထိုင်နေသည့် ကူးကူးက ဇာမ်ခေါ်လိုက်တော့ ခေါင်းလေးထောင်သည်။ လွန်းက နောက်ကြည့်မှန်ကနေ လှမ်းကြည့်၍
"ကူးကူး! အဲ့လက်မကိုတပြွတ်ပြွတ်မစုပ်ပါနဲ့ဆို!"
"အင့််!"
နီရဲဖူးဖူးနှုတ်ခမ်းထဲငုံထားသည့် လက်မကိုထုတ်ကာ အင့်ခနဲရှိုက်လိုက်သေးသည်။ ဇာမ်ကသူ့သားဖြစ်ပုံကို ပြုံးစေ့စေ့ကြည့်သည်။
"ချိုလိမ်ဝယ်ပေးမယ်၊ ဖေ့သား ဒီလောက်စို့ချင်နေရင်"
"မဟုတ်ဘူး မောင်၊ ကြိမ်ကောင်းတစ်ချောင်းဆိုရပြီ၊ တင်ပါးကိုတစ်ချက်လောက်စပ်စပ်ရိုက်ပေးမှမှတ်မှာ"
အဖေနှစ်ယောက်ပြောနေတာကို ငေးနေတဲ့ကူးကူးမျက်နှာလေးက ညှိုးညှိုးကျသွားသည်။ မျက်လုံးရွဲကြီးတွေက ရွှန်းရွှန်းစိုစို ပင့်ကြည့်လျက်။ အပေါ်ဘီလူးသွားသေးသေးလေးတွေနဲ့လည်း အောက်နှုတ်ခမ်းကို ဖွဖွကိုက်ထားသေးသည်။
"လိမ္မော်သီးထုပ်လေးပေး ကူးကူး"
"ကူးကူးစားဦးမှာ"