[ Unicode ]
"ကျွန်တော် လွန်းကိုသိပ်ချစ်တယ်"ထိုစကားကို လေးနက်စွာဆိုချိန်မှာ အုပ်မိုးကိုင်ခံထားရသည့် လွန်းလက်ဖဝါးတို့ကို လွှတ်မပေးသေးပါ။ ကော်ဇောမဟုတ်တဲ့ မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ချပြီး ထိုင်နေဟန်က ပေါ့ပေါ့ပါးပါး။
လမ်းလျှောက်နေတဲ့သူတွေ ကွက်ကြည့်ကွက်ကြည့်လုပ်သွားတာကိုလည်း ဂရုမစိုက်။ တီးတိုးပြောသွားကြသည်ကိုလည်း ကြားပါလျက်နှင့် မသိချင်ယောင်ဆောင်မြဲ။
စက္ကန့်တွေတိုင်းမှာ ဇာမ်သည် လွန်းတစ်ယောက်တည်းကိုပဲ ကြည့်လို့နေခဲ့တာက ငြင်းစရာမလိုတဲ့ အမှန်တရား။
လွန်းက ဇာမ့်ကို တွေတွေလေးငေးရင်း လက်ချောင်းရှည်ရှည်တို့ကို ပင့်မြှောက်တင်လိုက်သည်။ ခုံတန်းထက်မှာ တင်ထားသည့် လက်ချောင်းရှည်တွေက စည်းချက်ကျကျ လှုပ်ယမ်းသွားပြီးတဲ့တခန....
"လွန်း "
တိုးတိုးလေးထွက်လာသည့် ဇာမ့်ရဲ့ အာမေဋိတ်သံ။
အကြည်ရောင် လက်သည်းခွံတို့ ပန်းသွေးယှက်ထားသည့် လှရက်စွာသော ယောကျာ်းလေးတစ်ယောက်၏ လက်ချောင်းတို့ကား ဇာမ့်မျက်နှာထက်မှာ ပြေးဆော့လို့ ...
ပါးရိုးကနေ ပွတ်သပ်ထိဆွဲကာ နှုတ်ခမ်းထက်မှာ လှုပ်ရှားမှုရပ်တဲ့ လက်ချောင်းလေးတွေ။ အပေါ်နှုတ်ခမ်းလွှာနဲ့ အောက်နှုတ်ခမ်းလွှာကို လက်မနဲ့ ထိနေသည်က တကယ့်ကိုညင်ညင်သာသာလေး ...
လုပ်စမ်းပါလေ သူ့စိတ်တိုင်းကျ...
တုန့်ပြန်ခြင်းငှာ ဆက်မပြုဘဲ သခင်လေးစိတ်တိုင်းကျ ပြုဖို့ ငြိမ်သက်၍ နေပေးမိစဉ်
နှစ်ဉီးရဲ့ လေဟာနယ်ကြားမှာ တလှပ်လှပ်ခုန်နေကြသည့် နှလုံးခုန်သံတို့က တထပ်တည်းကျနေလေသည်။"မင်း ငါ့ကိုဘယ်လောက်တန်ဖိုးထားလဲ"
မျက်ဝန်းတို့ကို အကြည့်မလွှဲဘဲ ပြောလာသည်။ လွန်းသည်လည်း ယောကျာ်းလေးတစ်ယောက်ပေမို့ ရှက်ရွံ့ခြင်းအမှုကို ထင်သာစွာ မပြုသော်ငြား တစ်ခါခတ်လိုက်တိုင်းမှာ ဒေါင်းပျိုတစ်ကောင် ရောင်စုံဖြာနေသော သူ့အမြှီးအခက်အား ဖြန့်ကား၊စုသိမ်း ပြသည်နှင့် သဏ္ဍာန်တူတဲ့ မျက်တောင်ရှည်ကြီးတွေကတော့ ပုတ်ခတ်ပုတ်ခတ်။