[ Unicode ]
[Recommend song-Monsters(Katie sky)]••••
မနက်အစောကြီးနိုးနေပြီး မထချင်သေးတာမို့ ကုတင်ပေါ်ငုတ်တုတ်ထိုင် စားပွဲပေါ်ကဖုန်းကိုလှမ်းယူ၊ data on လိုက်ပြီး တောင်ကြည့်မြောက်ကြည့် ကြည့်နေစဉ် IG က ဝင်လာသည့် VIDEO CALL ကြောင့် သွားပြီဟူသည့်စိတ်နဲ့ လက်ထဲကိုင်ထားသည့်ဖုန်းက ပေါင်ပေါ်ဘုတ်ခနဲ ပြုတ်ကျသည်။ မကိုင်လိုက်ရတာမို့ သတ်မှတ်ချိန်ပြည့်တော့ ဖုန်းကျသွားပြီးသိပ်မကြာ data off အမြန် မလုပ်ရသေးခင် ထပ်ဝင်လာသည်။
ဒီတစ်ခါတော့မကိုင်လို့မရတော့။ ဆံပင်တွေကိုရှုပ်အောင် လက်ထိုးဖွလိုက်၍ မျက်လုံးကိုပွတ်ကာ ခေါင်းအုံးပေါ်မှာ လှဲလိုက်သည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် ခြေရင်းကစောင်ကိုလည်း မျက်နှာပဲဖော်ထားကာ ကောက်ခြုံလိုက်သည်။
ကိုင်လိုက်လိုက်ချင်းပေါ်လာတာက ဆူပုတ်နေသည့်မောင့်မျက်နှာနှင့် 'လွန်း' ဟူသည့် ခပ်ဆတ်ဆတ်ခေါ်သံ။
"ဒီအချိန်ကြီးထပြီးဘာလုပ်တာလဲ၊ စောစောစီးစီး ဖုန်းကိုင်နေရသလား"
"ဟီး၊ ဖုန်းသံကြားလို့နိုးလာတာ၊ မနေ့ညကလေ...internet မပိတ်လိုက်ရဘူးထင်တယ်၊ silent လည်းလုပ်မထားလိုက်ရတော့ မောင်ခေါ်တော့နိုးလာရော"
ဆင်ကွက်နင်း ကျားကွက်နင်း။ ရှိသမျှသွားကိုလည်း တဟဲဟဲဖြီးပြ၍ မျက်နှာချိုသွေးရသေးသည်။ ဒါတောင် ယုံလိုဟန်မပေါ်။ အပေါ်ပိုင်းဗလာနှင့် တဘက်တစ်ထည်နဲ့ ခေါင်းသုတ်နေတာမို့ ရေချိုးခန်းထဲက ထွက်လာတာထင်သည်။ မနေ့ကရောက်ပြီဆိုတဲ့ အဝင်ကောလ်ကလွဲရင် လွန်းကိုဖုန်းထပ်မဆက်။ သူပြောသွားသလို တကယ်အလုပ်ရှုပ်နေတာဖြစ်မည်။
တဟဲဟဲရယ်ပြနေသည့်လွန်းကို ခပ်စူးစူးကြည့်၍ တဘက်ကိုပစ်ချပြီး တင်ပလ္လင်ခွေထိုင်တော့ screen ပေါ်မှာ မောင့်မျက်နှာကရှင်းရှင်းလင်းလင်းပေါ်လာသည်။
"မျက်ကပ်မှန်တပ်ပြီးမှ ဆက်သုံး၊ ဒီတစ်ခါပါဝါတက်ရင် အဲ့မျက်လုံးလည်းကန်းတော့မှာ"
"အမြင်ကွယ်ပေမယ့် ဒီအစ်က်ိုကြီးက ညီလေးကိုတော့ ချစ်ပါတယ်နော်"