[ Unicode ]
[Recommend song- Double Take]••••••
လူတွေကြိတ်ကြိတ်တိုးနေသည့် ဘလက်ဘုတ်ကြီးရှေ့ဝယ် မျက်စောင်းထိုးနေရာလောက်မှာ ကားနက်တစ်စီးရပ်နေသည်။ ကားပေါ်က လူတစ်ယောက်က ဘလက်ဘုတ်ကိုမမြင်ရဘဲ မှန်ချထားသည့်ပြတင်းမှနေ၍ ခုန်ဆွခုန်ဆွလုပ်ကြည့်နေပေမဲ့ lover seat က တစ်ယောက်ကတော့ သူ့အပူမဟုတ်တဲ့အလား အေးအေးလူလူပင် dashboard ပေါ်တင်ထားတဲ့ marshmallow ဘူးကို ထိုင်စားနေတာ မကုန်မချင်းစားမည့်သဘောရှိသည်။
"ခ, လူရှင်းပြီ၊ဆင်းကြည့်ကြစို့နော်"
ရေပူနဲ့ရေအေးလို ဆန့်ကျင်ဘက်ထိုနှစ်ယောက်မှာတော့ စိုင်းနောင်နဲ့ရတုအတိအကျပင်။ နှစ်ယောက်တည်းလားဆိုတော့မဟုတ်။
ဟိုတယ်ပိုင်ရှင်သူဌေးရဲ့ နူးညံ့အိစက်တဲ့အကောင်းစားကားကြီး နောက်ခန်းထိုင်ခုံဆိုဖာမှာ ငြိမ့်ငြိမ့်ကြီးထိုင်လိုက်လာသည့် ငစိုင်းလည်းပါသေးသည်။
ရတုက ပီကေမဟုတ်တဲ့ marshmallow ကို မှုတ်သလိုလုပ်၍ ပါးတစ်ဖက်ပြောင်းဝါးရင်း စိုင်းနောင်အမေးကို ပေါ့တန်တန်ဖြေသည်။
"ကိုကိုကလည်း ဘာလုပ်ဖို့သွားကြည့်နေမှာလဲ၊ အလကား! ဒီနားနဲ့ဒီနား ခြေအညောင်းခံပြီး သွားကြည့်မနေနဲ့!"
ပြောရင်းပင် နောက်ခန်းကသူ့ခွေးကို လှမ်းပွေ့ကာ ပေါင်ပေါ်တင်ခေါ်သည်။
"ငစိုင်း၊ အချစ်ကလေး၊ သဲကျော်လေး၊ ဘေဘီအူဝဲလေး၊ ဖေ့ဆီလာပါဦး"
စိုင်းနောင်မှာ နားထဲကြက်ဟင်းခါးသီးလို ခါးခါးတူးတူးနဲ့ဆူးဆူးဝင်လာသည့် ထိုခေါ်သံကိုလျစ်လျူရှုပြီး ခ,ရင်ခွင်ထဲက ခွေးကောင်က်ို အောင့်သက်သက်ကြည့်လိုက်ရသည်။
ပွေ့ထားတာက မွေးကာစကလေးကို ပွေ့ထားသလို တယုတယ။ နို့များသာထွက်ရင် သူ့သားခွေးကို "ဖေဖေ့နို့ စို့" ဆိုပြီး လှန်တိုက်မယ့်ရုပ်!
ဘေဘီအူဝဲလေးငစိုင်းလို့ခေါ်လိုက်တိုင်း ထိုခွေးနေရာမှာ ကိုယ့်မျက်နှာကိုယ်ပြေးပြေးမြင်တဲ့ စိတ်ရိုင်းတွေကို မနည်းချွန်းအုပ်ထားရတာ။