[ Unicode ]
"ကူးကူး!""အီးဟီး ကူးကူးမဟုတ်ဘူး အင့်"
ကျယ်လောင်သောအသံနှင့် တဆက်တည်း အာခေါင်မခြစ်ရုံတမယ် အော်ငိုလိုက်သော အသံကို ကြားလိုက်ရတာကြောင့် နိုးနေပေမယ့် မထချင်သေးတာမို့ ကုတင်ပေါ်ဆက်မှိန်းနေရာမှ ဇာမ် အိပ်ချင်စိတ်ပျောက်သွားရသည်။ မွေ့ယာစပ်မှာ ထထိုင်ပြီး မတ်တပ်ရပ်ဖို့ပြင်စဉ်
"ဇာမ်မင်းမာန်! လက်ပူးလက်ကြပ်မိတာကို ငြင်းချင်သေးတာလား ဟမ်!"
ဒေါသတကြီးအော်နေတာက သေချာပေါက် လွန်းဖြစ်သည်။ သားကို တစ်ခါမှ လေသံမာမာမအော်ဖူးတဲ့ လွန်းက ဘယ့်နှယ့်လုပ် နာမည်အတိအကျနဲ့ ဆူငေါက်နေရတာလဲ။ ခေတ္တခန နားထောင်နေမိတော့
"ကူးကူးမဟုတ်ပါဘူးဆို ဟင့်! ဖေ့ချီသွားမယ်!"
သား၏ အငိုတစ်ဝက်စကား။
"ဘယ်ဖအေ့ဆီမှ မသွားရဘူး၊ ဒီကိစ္စကို အရင်ရှင်း"
"အင့်! ဖေဖေ့ ကူးကို လာခေါ်"
ငိုသံကပိုကျယ်လာပြီး အခြေအနေက မဟန်တော့တာမို့ ပြူးကျယ်သွားသော မျက်လုံးအစုံကို ပွတ်၍ အခန်းထဲက အလျင်အမြန်ထွက်ရသည်။ ဇာမ်တို့အခန်းနဲ့ မျက်နှာချင်းဆိုင် သားအခန်းတံခါးက ပွင့်လျက်သား။ လွန်းက အပေါက်ကိုကျောခိုင်းထားတာကြောင့် ဇာမ့်ကို မမြင်။
"အစ်ကိုလေး"
လှေကားထစ်မှာ ရပ်နေတဲ့ ကြီးကြီးနုက ဇာမ့်ကိုမြင်တော့ ဝမ်းသာအားရဖြင့် ခေါ်လာသည်။ ဇာမ်က မေးဆတ်ပြကာ 'ဘာဖြစ်ကြတာလဲ' ဟု မျက်နှာရိပ်နဲ့ အသံတိတ်မေးတော့ လေသံတိုးတိုးလေးနှင့်
"ဟိုလေ... အစ်ကိုလေးလွန်းက သားကူးကို နှိုးဖို့ သွားတာ၊ အဲ့ဒါ သားကူးစားပွဲပေါ်မှာ ရည်းစားစာ တွေ့တယ်ဆိုလား"
"ဘယ်လို"
ဘုရားတရားတကာ ခေါင်းနပန်းကြီးရသည်။ ကြီးနုက ဆက်၍
"အဲ့ဒါ မနက်ကတည်းက အစ်ကိုလေးလွန်း စိတ်တွေတိုနေတာ၊ ကူးကူးကလည်း သူမဟုတ်ဘူးလို့ပြော၊ ပြီးတော့ အစ်ကိုလေးဆီသွားမယ်ဆိုပြီး ငိုတော့တာပဲ"