[Unicode]
မနက်ရှစ်နာရီခွဲ၊ လွန်းနိုးလာချိန်မှာ ဆိုဖာပေါ် အိပ်နေသူက ဒူးကိုလက်နဲ့ပိုက်ကာ ကွေးကွေးလေးအိပ်ရင်း အဖျားကြီးနေပြီ။ အိပ်မှုံစုံမွှားနှင့် မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားတဲ့လွန်းက ဇာမ့်ကို ဦးစွာမတွေ့သေး။ အရင်ဆုံးမြင်တဲ့သူက ခြေကားယားလက်ကားယားနဲ့ ငုတ်တုတ်ထထိုင်လာသည့် ကူးကူး။
"ဖေ့ ဖေ့ပြန်ယာ"
နှုတ်ခမ်းစူစူဖောင်းဖောင်းလေးက ဖေဖေပြန်လာပြီဟုအော်ရင်း လက်ချောင်းတွေက စောင်ကိုဆွဲ၍ ကုတင်အောက်ကို ဆင်းသွားသည်။ ဖင်လေးနဲ့ ပစ်ကျလိုက်တာများ ဘုတ်ခနဲ။
"အင့် ကူးကူးနာဘူး!"
အသက်ကမူကြိုတက်နေပြီတောင်ဖြစ်တာမလို့ ငယ်ငယ်ကလို အချီခိုင်းရင်မကြိုက်။ ဖေ့ကျောပေါ်တက်ရင်မကြိုက်။ ကူးကူးကို လမ်းပဲလျှောက်ခိုင်းနေတဲ့ ပါပါးအလစ်မှာ အိပ်ပျော်နေတဲ့ဖေ့ဆီကို လေးဘက်ကုန်းပြီး တရွေ့ရွေ့သွားလိုက်သည်။
လူက အစားချည်းစွတ်စားတာမို့ သူ့ဗိုက်သူလည်း ကူးကူးတစ်ယောက် အမှန်တကယ်မနိုင်။ ခြေသလုံးတစ်တစ်ကိုပင် အိန္ဒြေခြောက်ဆယ်နှင့် ဖြည်းဖြည်းချင်းလှမ်းရသည်။
"ဖေဖေဂျီး!"
အိပ်ပျော်နေသည့်သူ့အဖေပေါ် ကုပ်ကပ်တက်ရင်း မျက်ခုံးမွှေးထူကြီးတွေကို လက်မနဲ့ပွတ်ဆွဲရင်း တခွိခွိရယ်၏။
ဖေ့မျက်ခုံးကြီးတွေက ငါးရှဉ့်နက်ကြီးတွေလိုပဲ။
"ခစ်ခစ် အာဝါး"
ပါးတစ်ဖက်ကို လက်ဖောင်းဖောင်းတွေနဲ့ ဆွဲထည့်ပြီး မွခနဲလုပ်လိုက်တော့ ဇာမ့်မေးဘက်နားက အမွှေးစူးစူးငုတ်စိတို့ကြောင့် ကူးကူး နှာခေါင်းရှုတ်သွားသည်။ သို့ပေမဲ့မဖြုံ။
"အာ...ဝါး"
သူ့စိတ်တိုင်းကျ ဆွဲမွပြီး နားရွက်နားကို ကပ်ပြန်ကာ
"ဖေ့ ထရော့! ကူးကူးတောင်နိုးပြီယေ!"
"ဖေ့! ထပါရော့ချို!"
"ဝါး!"
ငုံ့ကပ်အော်နေချိန် ဇာမ်က ရုတ်တရက် ဝါးခနဲခြောက်သံနှင့် မျက်လုံးထဖွင့်လာတာမို့ အင်္ကျီအဖြူပွပွကြီးတစ်ထည်တည်းကို ပုခုံးလျှောအောင်ဝတ်ထားသည့် ကူးကူးပုခုံးတွေ သူခိုးလူမိသလိုတုန်သွားသည်။