[Unicode]
" သဲသဲကလည်း။ ဒီချိန်လာကြိုရမယ်လို့ ကိုယ်ကမှမသိတာ "Projector ထိုးထားတာမို့ ပိတ်စအဖြူပေါ် ထင်းလင်းစွာပေါ်လာသည့် conversation။ စာရဲ့နောက်မှာ မျက်လုံးကလယ်ကလယ်ဖြစ်နေသည့် အီမိုဂျီဖြင့်။ အခန်းထဲရှိ လူတွေအားလုံးရဲ့အာရုံက ထိုပိတ်စပေါ်ရောက်သွားကြသည်။
ဇာမ်က ထိပ်ဆုံးစားပွဲမှာထိုင်ပြီး နံရံကို ကျောပေးထားတာမို့ မမြင်။
"ကိုသု..ရရဲ့လား"
"ရတယ် Boss"
ကိုသုမှာလည်း သူ့ laptop screen ကိုကြည့်ရင်း ပြုံးစစလုပ်နေတာမို့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတိမထားမိ။
ဇာမ့်ဆီမှာအာရုံမရှိဘဲ တခြားဆီအာရုံရောက်နေတဲ့လူတွေကြောင့် သူတို့ကြည့်နေတဲ့လားရာအတိုင်း လိုက်ကြည့်မိလျှင် ဇာမ် ခေါင်းနပန်းကြီးသွားရသည်။ ကိုသုတစ်ယောက် ကပျာကယာနဲ့ တလွဲတွေလုပ်ပြန်လေပြီ။
သူ့laptop နဲ့ ချိတ်ထားတာကိုမေ့ပြီး ချစ်ကြည်နူးနေပုံက ပြုံးပြုံးမိန့်မိန့်ကြီးနဲ့ ပတ်ဝန်းကျင်က ဘာကိုမှ ရိပ်မိပုံမရ။
"အဟမ်း"
ချောင်းတစ်ချက်ဟမ့်ရင်း ကျန်တဲ့လူတွေကို အနည်းငယ်တည်စေကာ ဘေးကလူကို လက်ကုပ်ရသည်။
"ဘာဖြစ်လို့"
နောက်ကိုကြည့်ဖို့ မေးဆတ်ပြမှ ကြောင်တောင်တောင်နှင့် လှည့်ကြည့်သည်။ ဘာဖြစ်နေလဲသဘောပေါက်သွားတာနဲ့ ကိုသုမျက်နှာက ရဲခနဲ။
"တောင်းပန်ပါတယ်ဗျ။ တောင်းပန်ပါတယ်"
နမော်နမဲ့နိုင်လှတဲ့ လူသိုးကြီးကို ဆူချင်ပေမဲ့လည်း မဆူရက်ပါ။ နောက်ရက် ဇာမ် ကုမ္ပဏီမလာဖြစ်တော့မှာမို့ ကိုသုကို ချော့တစ်ခါခြောက်တစ်ခါပြောမှပဲ ရတော့မှာ။
"စာရင်းလေးတွေကို တစ်ချက်အာရုံစိုက်ကြ ရအောင်ဗျ"
ဥက္ကဌရဲ့ စကားသံအဆုံးမှာမှ ဘောပင်ကောက်ကိုင်သူကိုင်၊ point ထောက်ထားတဲ့စာရင်းဇယားတွေကို လှမ်းကြည့်သူကြည့် ဖြစ်ကုန်ကြတော့၏။အုန်းဆီနံ့တွေနဲ့ မွှန်မအီခင် ဒီလပတ်အစည်းအဝေး အမြန်ပြီးမှ ဖြစ်မည်မလို့။
.
.
.
.
.