[Unicode]
(အပိုင်း-၇)စားစရာတွေမရသေးခင် စားပွဲထိုးလေးလာချသွားတဲ့ ရေကို တစ်ငုံငုံရင်း သူမရှေ့က ဖြူဖြူချောချောလူသားကို ယွန်းတိမ်လွှာ အကဲခတ်လိုက်သည်။
နီရဲနေသည့် ပိုးသားအင်္ကျီလက်ရှည်ကို အပေါ်ကြယ်သီးနှစ်လုံးဖြုတ်၍ ဝတ်ထားကာ စွန်းထွက်နေတဲ့ အင်္ကျီအောက်နားစကို ဂျင်းဘောင်းဘီထဲ ထိုးထည့်ထားသည်က ကပိုကရိုဆိုသော်ငြား ကြည့်ကောင်းနေ၏။ ခရမ်းနုရောင်ပြေးနေသည့် ဆံပင်ကို ရှေ့နဖူးတွင်ခပ်အုပ်အုပ်ချထားပြီး နားတစ်ဖက်မှာ စိန်ပွင့်သေးသေးလေးရှိသည်။
ဖုန်းကိုကိုင်ထားတဲ့ လက်ချောင်းတွေက သွယ်သည်ဆိုတာထက် ရှည်တဲ့ဘက်ကိုသွားသည်။ လက်ဖမိုးပေါ်မှာတော့ စိမ်းတောက်နေသည့် သွေးကြောတွေက အကြောတွေ ထင်းထွက်နေတာမျိုးမဟုတ်ဘဲ အရေပြားပါးပါးထက် သွေးလွှတ်သွေးပြန်လမ်းကြောင်းငယ်တို့ သွယ်ယှက်သဏ္ဍာန်တွေကို အတိုင်းသားမြင်နေရတာမျိုးဖြစ်သည်။
Phone screen ကို စူးစိုက်ကြည့်နေတာကအစ တကယ်ကိုစမတ်ကျနေတော့တာ။ သူမကိုကြီး ဒီလိုကိုရီးယားကောင်လေးကို ဘယ်လိုရှာယူလာတယ်မသိ။
"တိမ်လွှာ! မေးကြီးထောက်ပြီး ဘာဖြစ်နေတာလဲ!"
"ကိုကြီးက တော်လိုက်တာ"
"ဘယ်လို?"
မေးခွန်းနှင့် ခြားနားစွာ ရုတ်တရက်ကြီး ထချီးကျူးသံကြောင့် ဇာမ် မျက်မှောင်ကြုတ်မိရုံတင်မက ဖုန်းကြည့်နေသည့် လွန်းကပင် မော့ကြည့်လာသည်။
"ဟီး ဟုတ်တယ်လေ၊ အစ်ကိုလွန်းက တကယ်ကို လုံးဝ perfect ပဲ! ပြောရရင် ကိုကြီးနဲ့တောင် မတန်ဘူး!"
မျက်ဝင့်မျက်စပစ်၍ မာန်ပါပါပြောနေသော ညီမကို ဇာမ် နားရင်းချည်းအုပ်ပစ်ချင်နေပြီဖြစ်သည်။ ဒီကြားထဲ ဘာရယ်စရာမှမပါဘဲနဲ့ လွန်းကလည်း ခွီးခနဲ ထရယ်သေး၏။ စားပွဲထိုးလေးရောက်လာပြီမလို့သာတော်တော့သည်။ မဟုတ်ရင် မင်္ဂလာမဆောင်ခင် ခေါင်းနဲ့ခန္ဓာ အိုးစားခွဲမိတော့မည်။
"Oppa က 28 နှစ်သာပြောတာ၊ ကိုကြီးထက်ကို နုနေတာနော်၊ skin care တွေ ဘာတံဆိပ်သုံးလဲ တိမ်လွှာ့ကို ညွှန်းပါဦး"