Chapter 39 [Zawgyi]

17K 846 53
                                    

လွန်းတို့ရောဆို လူများတာမို့ မီးဖိုခန်းထဲက ထမင်းဝိုင်းအစား အလျှင်စလိုပြင်ဆင်ထားတဲ့ ထမင်းဝိုင်းလေးက ဧည့်ခန်းဖယောင်းပုဆိုးပေါ်မှာ ဖြစ်သည်။ ဘုန်းကြီးဆွမ်းကပ်သည့် စားပွဲဝိုင်းခပ်ကြီးကြီးမို့ လူရှစ်ယောက်ဝိုင်းထိုင်လို့ရသည်အထိ ကျယ်ကျယ်လွင့်လွင့်။

" ဂျာဆိုင်း၊ ကျွန်တော်ကူပေးမယ်လေ"

အဝတ်အစားလဲပြီး အခန်းထဲကထွက်လာကာ လွန်းပြောတော့ ဟင်းရည်ခွက်သယ်နေသည့် ဂျာဆိုင်းက ခေါင်းခါသည်။

"ထိုင်နေ ထိုင်နေ၊ ကူးကူးကိုသာ သွားခေါ်"

ကူးကူးက မေမေနဲ့ရှိနေတာမို့ လွန်းနားတောင်မကပ်တော့။ လူစိမ်းနေမည်ထင်ရပေမဲ့ ထိုပိစိက လည်လွန်းသည်။ နူးနူး၊နူးနူးနဲ့ ကပ်နေပြီး ပါးချိုင့်တွေထဲ လက်ထည့်ဆော့နေတော့သည်က ကစားစရာအသစ်ရသလိုမျိုး။ သွေးကစကားပြောတာလည်း ပါလိမ့်မည်။

ဂျာဆိုင်းရော၊ကြီးနုကပါ အကူမခံတာကြောင့် တောင်ကြည့်​မြောက်ကြည့်နှင့် အိမ်ရှေ့ကသစ်ခွပင်တွေဆီ အလိုလိုရောက်သွားပြန်သည်။ မောင်တို့ ညီအစ်ကိုသုံးယောက်က အခန်းထောင့်ဘက်၊ ဆက်တီမှာထိုင်ပြီး စကားပြောနေသည်။

လွန်းပျင်းနေမယ်စိုးတာမို့ မောင့်အကြည့်က လွန်းဘက်ရောက်လာကာ သူ့နားလာထိုင်ဖို့ခေါ်ပေမဲ့ ပြုံးသာပြလိုက်သည်။ ရောက်နေတဲ့ ဒေသအသစ်နဲ့ စားပွဲပေါ်လာချတဲ့ လွန်းမမြင်ဖူးသည့် ဟင်းတွေကြောင့် တကယ်လည်း ပျင်းမနေရ။

"ကြီးနု၊ ဒါကဘာလေးလဲ"

ရေဘူးနဲ့အတူလာချသည့် ခွက်ကို ကိုင်ကာ လွန်းမေးတော့

"အဲ့ဒါက ဝါးခွက်လေ အစ်ကိုလေး၊ ရေထည့်သောက်ဖို့"

"ကျွန်တော်သောက်တဲ့ နှစ်ခွက်စာလောက်ရှိတယ်"

"မောင်ဆိုရင်တော့ တစ်ခွက်စာပဲ"

လွန်းဘေးမှာ ဝင်ထိုင်ပြီး တမင်ပြောလာတော့ မဲ့ကြည့်မိသည်။ ဖန်ခွက်တစ်ခွက်စာတောင် ရေကုန်အောင်မသောက်ဘဲ ဒီတစ်ခွက်အပြည့်သောက်တယ်လို့ ကြွားနေသေးသည်။

High Boss's Husband (Completed)Where stories live. Discover now