Chapter 56

28.7K 3K 166
                                    

[ Unicode ]

   
[Recommend song- ဝမ်းနည်းတတ်တဲ့ချစ်သူ (Raymond)]

~မင်းမျက်လုံးများအားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက်မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ~

•••••

"ကြီးနု ငရုပ်သီးမထည့်နဲ့နော်"

"သိပါတယ် အစ်ကိုလေးလွန်းရယ်၊ ရှေ့သွားပြီး ငြိမ်ငြိမ်လေးထိုင်နေပါ၊ မပေါ့မပါးနဲ့ကို မှောက်ခုံလဲမှာ ရင်မောလွန်းလို့"

"ကြီးနုကလည်း၊ အခုလည်း ကျွန်တော်က ငြိမ်ငြိမ်လေးရပ်နေတာပါ"

ပြောမရဆိုမရသည့် လွန်းကို ကြီးနုကချစ်စနိုးကြည့်၍ ဘာမှထပ်မပြောတော့။ ဟင်းချက်တာကိုဘယ်တုန်းကမှစိတ်မဝင်စားတဲ့သူက မနက်ကတည်းက မီးဖိုခန်းထဲလာပြီး လက်ညှိုးတထိုးထိုးနဲ့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေသည်။

ထမင်းအိုးတည်မယ်လို့ ရွတ်လာသည်ကြောင့် ဘာလို့ဒီလို​ဖြစ်နေတာလဲသိ​နေတာမို့ စိတ်ကျေနပ်ပါစေသဘော ပေးလုပ်လိုက်တော့ ဆန်ဆေးသည့်အဆင့်အပြင် ပိုမလုပ်တတ်။ "ကြီးနု" ဟု တိုးတိုးလေးခေါ်ကာ သွားတက်လေးပေါ်အောင် ပြုံးရင်း နောက်တစ်ဆင့်တက်ဖို့ စစ်ကူတောင်းလာသည်။

အခုလည်း သူတည်ထားသည့် ချဉ်ရည်အိုးကို ကြည့်ကာ အိုးဖုံးကိုလှပ်ရင်း လက်နှီးစုတ်တစ်ခု၊ ယောက်ချိုတစ်ချောင်းနဲ့ တိုင်ပတ်နေသည်။

"ကဲ အဲ့အိုးကြီးကဒီတိုင်းထားထားလို့ရပါတယ်ကွယ်၊ နည်းနည်းပွက်ရင် ချလိုက်ရုံပဲ"

"ရုံးပတီသီးရောထပ်မထည့်တော့ဘူးလား"

အိုးထဲမှာ​က ချဉ်ပေါင်ရွက်၊မျှစ်၊ကန်စွန်းရွက်အပြင် ရုံးပတီသီးတွေက လုံလုံလောက်လောက်ရှိ​နေပြီ။ ချဉ်ရည်ဟင်းလား ၊ ဟင်းရွက်စုံလားမသဲကွဲတော့။ ပြောပြောဆိုဆိုနဲ့ စိတ်မြန်လက်မြန်ပင် ရုံးပတီသီးတွေကို ရေဆေးကာ အလွယ်သုံးလို့ရသည့်ကတ်ကြေးနှင့် အိုးထဲထည့်နေသူကိုကြည့်ရင်း ပြုံးသာနေလိုက်တော့သည်။

ဟင်းရည်ပန်းကန်ကိုတွေ့တာနဲ့ ဇွန်းနဲ့မွှေပြီး ရုံးပတီသီးဖတ်ကို အရင်ရှာစားတတ်သည့်လူက ဒီအိမ်မှာ တစ်ယောက်တည်းသာရှိသည်။

High Boss's Husband (Completed)Where stories live. Discover now