[Unicode]
(အပိုင်း-၅)ပိုက်ဆံအိတ်နဲ့ကားသော့အပြင် တနေ့ကဝယ်ထားသည့် သင်္ကန်းငါးစုံကိုပါ လက်ကဆွဲလျက် ဇာမ်အောက်ထပ်ဆင်းလာတော့ လွန်းနဲ့သားက အိမ်ရှေ့ကပြင်မှာ ဖိနပ်ပင်ဝတ်နေလေပြီ။
သူ့အရွယ် ကလေးဆိုဒ်ပုဆိုးသေးသေးကို ခါးပတ်လေးနဲ့ပတ်ကာ ဇာမ်တို့နည်းတူ စတစ်လက်ရှည်အဖြူလေးဝတ်ထားသည့်သားက ဖြူဖြူဖွေးဖွေးနဲ့ လုံးလုံးကစ်ကစ်။ ပါးမို့မို့နှစ်ဖက်မှာ ဝလုံးနှစ်လုံး၊ နဖူးပြင်ထက်မှာ လမင်းဝိုင်းဝိုင်းကို သနပ်ခါးဝါရွှေရွှေနှင့် မညီမညာကွက်ထားသည်က လွန်း,စနက်ဖြစ်လိမ့်မည်။
"အား ဖေ့သားကြီးက ချစ်စရာကြီးဗျာ"
"မောင်! သနပ်ခါးတွေပျက်ကုန်မယ်"
ဒူးဆစ်တုပ်ထိုင်ချလိုက်ရင်း ပါးဖောင်းဖောင်းကို နှာခေါင်းမြုပ်အောင်ရွှတ်ခနဲမွှေးလိုက်မိတော့ သားက အလိုမကျစွာရုန်းသည်။ ဖိနပ်စီးပြီးသွားတဲ့ လွန်းက ဆတ်ခနဲထအော်သည်။ အလှကြိုက်သားဖနှစ်ယောက်ကြောင့် ဇာမ် ပုဆိုးကိုပြင်ကာ ထရပ်လိုက်ရင်း...
"ဟေ! ဘာဖြစ်လို့လဲ လွန်းရ! ကိုယ့်သားကိုယ်နမ်းတာ"
"သနပ်ခါးက မခြောက်သေးဘူးလေ၊ မောင်က ဇွတ်လုပ်တာကို"
"ကူးကူး ခါးခါး အင့်"
လွန်းက ဇာမ့်လက်ထဲက သင်္ကန်းထုပ်ကိုလှမ်းယူစဉ်မှာပဲ သားက အင့်ခနဲအော်ကာ သူ့ပုံရိပ်သူမြင်ရတဲ့ ကားတံခါးရှေ့သွားရပ်လျက် ခေါင်းကိုဘယ်ပြန်ညာပြန်လှည့်ပြီး သနပ်ခါးပျက်မပျက် ကြည့်နေသည်ကြောင့် ခပ်ဖွဖွရယ်မိကြသည်။
"နေပါဉီး....လွန်း ပါးပေါ်က ဘာကြီးလဲ"
ဇာမ့်စကားကို လွန်းကမဖြေအားသေး။ သင်္ကန်းထုပ်တွေကို ကားနောက်ခန်းမှာထည့်ကာ အိမ်တံခါးကိုသော့ခတ်နေသည်။ လွန်းသော့ခတ်ပြီး ကားဆီပြန်လှည့်တော့ သူ့ကိုမလှုပ်မယှက်ထိုအတိုင်းကြည့်နေသူကြောင့်..
"ဘာတုန်း" ဟု မေးဆတ်ပြလိုက်တော့
"ပါးပေါ်က အကောင်နှစ်ကောင်ကိုပြောတာ၊ နားရွက်တထောင်ထောင်နဲ့ ကြည့်မရလို့"