Recommend song - Autumn Morning (IU)
[Unicode]
ဆေးရုံဝင်းအပြင်က store တစ်ခုမှာ ကူးကူးစားချင်သည့် မုန့်ထုပ်တွေကို ဇာမ် လိုက်ဝယ်ပေးနေလေသည်။ တစ်နည်းအားဆိုလျှင် စိတ်ဆိုးနေတဲ့ သားဖြစ်သူကို မုန့်ပေးပြီးချော့နေခြင်းလည်း ဖြစ်သည်။ဖအေက ချော့နေသော်ငြား ကိုရွှေကူးမျက်နှာက နည်းနည်းလေးမှ ဇာမ့်ဆီလှည့်မလာ။ နှုတ်ခမ်းကို O ပုံသဏ္ဍာန်လုပ်ကာ ပါးဖောင်းနှစ်ဖက်ကို ဘယ်ညာဖောင်းရင်း ဆိုင်ထဲ ဟန်ပါပါ လျှောက်ကာ သူစားချင်တဲ့မုန့်ထုပ်တွေရွေးနေလေသည်။
"ဘာယူဦးမလဲ ဖေ့အသဲလေး"
ခြင်းတောင်းတစ်တောင်းကိုင်ကာ နောက်က လိုက်ထိန်းရတဲ့ ဇာမ့်မှာလည်း ပါးစပ်ရောလက်ရော မနေသာပါ။ သုံးလေးရက်စာ ဖူလုံနိုင်တဲ့ စားစရာတွေ ပစ်ပစ်ထည့်နေတာကို မမြင်ချင်ယောင်ဆောင်၍ ဘာယူဦးမလဲ ထပ်တလဲလဲမေးရသည်။ လက်ကလည်း လွန်းဖို့ မုန့်တွေကို ယူဖို့မမေ့။
အအေးဘူးတွေထည့်ထားတဲ့ ရေခဲသေတ္တာရှေ့ရောက်တော့ လှုပ်စိလှုပ်စိခန္ဓာကိုယ်လေးက ရပ်သွားသည်။
"ဘာဖြစ်တာလဲ"
ဇာမ့်ကိုမော့ကြည့်ကာ
"မှီဘူး!"
ခုနကနှင့်မတူဘဲ ခပ်ဝိုင်းဝိုင်းမျက်လုံးတွေကို ပုတ်ကာခတ်ကာ ပြောနေတဲ့ပေါက်စကြောင့် ညစ်ကျယ်ကျယ်အပြုံးဖြင့် ဇာမ်ပြုံးလိုက်သည်။
"ဘာကိုမမှီတာလဲ"
"ကိုကာ"
အအေးဘူးကြိုက်တာကလည်း လွန်းရောသားပါ တစ်ပုံစံတည်း။ အအေးကြိုက် အစပ်ကြိုက်၊ အစားကောင်းတွေထက်ကို ပိုဓာတ်ကျကြတာ။ လက်ညှိုးသေးသေးလေးကို အပေါ်ဆုံးတန်းက cola ဘူးတွေဆီ ညွှန်ပြပြီး
"အဲ့မာ! ကူးကူးမှီဘူး"
"ခုံယူပေးရမလား"
ေခါင်းကိုယမ်းသည်။
"ဖေဖေယူ!"
"ဒါဆို အပေးအယူတစ်ခုလုပ်ရအောင်။ လက်ခံမလား။ ကူးကူးခေါင်းညိတ်တာနဲ့ အဲ့ဘူးကို ယူပေးမယ်"
အစားအသောက်နဲ့မျှားရင် ကူးကူးတို့က နှစ်ခါမမေးရပါ။ သူ့ကို မြန်မြန်ယူပေးဖို့ ဇာမ့်အင်္ကျီစကို ဆွဲကာ ခေါင်းကိုသွက်သွက်ညိတ်ပြတော့သည်။ ဇာမ့်ကို စိတ်ဆိုးနေတာ သူမဟုတ်တဲ့အတိုင်းပင်။