[Unicode]
ပိန်းပိတ်အောင်မှောင်နေတဲ့ အခန်းတစ်ခု။ မီးခိုးတွေကြားမှာ ဇာမ်ရောက်နေသည်။ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်တော့ ပြတင်းတံခါးအကျိုးအပဲ့တွေကလွဲပြီး ဘာမှမမြင်ရ။ အမှောင်ထုနဲ့ ကျင့်သားရအောင် မျက်တောင်တွေကို ပုတ်ခတ်ကာ အရှေ့စူးစူးကို အာရုံစိုက်ကြည့်လိုက်သည်။"လွန်း.."
သူ့ရှေ့တဲတဲတင် ဖြတ်ပြေးသွားတဲ့ ကျောပြင်။ ခေါ်သံကိုကြားတော့ ပြေးနေရာကနေ ထိုကျောပြင်လေးက ရပ်တန့်သွားသည်။ နောက်ကိုတော့ဖြင့် လှည့်မကြည့်။
"ဘယ်ကိုသွားမလို့လဲ"
လက်ဖျားတွေကို ဇာမ် ဆွဲကိုင်ထားလိုက်သည်။ ရုန်းလည်းမရုန်းသလို ပြန်လည်း ဆွဲကိုင်မလာ။ ခါတိုင်းဆို ဒီလက်ချောင်းရှည်ရှည်တွေက ဇာမ့်လက်ဖဝါးထဲ နွေးနွေးထွေးထွေးနဲ့ အံဝင်ခွင်ကျ ရှိနေတတ်တာ။
"ငါမောင်နဲ့နေလို့မရတော့ဘူးထင်တယ်"
အက်ရှစွာ ထွက်လာသောစကား။
ဘာလို့လဲ။ လွန်းက ဘာစကားတွေပြောနေတာလဲ။
"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ မောင့်ကိုပြောလေနော်။"
မီးခိုးဖြူဖြူတွေကြားမှာ ဇာမ် အသက်ရှူကြပ်လာသည်။
"ဖေ့"
ပွင့်သွားတဲ့တံခါးပေါက်မှာ သားက ရပ်နေသည်။ စုပ်လုံးချိုချဉ်ကို စုပ်နေရင်း ခိုးခိုးခစ်ခစ်ရယ်ကာ ဇာမ့်ကို လာဖို့လှမ်းခေါ်သည်။
"မောင် သားဆီသွားလိုက်ပါ"
လှည့်ကြည့်လာတဲ့မျက်လုံးပြာတွေက နီရဲကျိန်းစပ်နေသည်။ အေးစက်နေတဲ့ လက်ဖျားတွေကိုဖြင့် ဇာမ် လွှတ်ပေးဖို့ စိတ်ကူးမရှိ။
"ဘာတွေပြောနေတာလဲ။ မောင့်ကို တစ်သက်လုံး လက်မလွှတ်ဘူးဆို"
"ဒါပေမဲ့ ငါတို့..."
မျက်ရည်စတွေ ကြွေဆင်းကျသွားတဲ့နေရာကို ကြည့်မိတော့ အနှီးထုပ်ထဲမှာ ရှိနေသည့် ဖြူဖြူဖွေးဖွေး ကလေးပေါက်စလေး။ မှိတ်ထားတဲ့မျက်လုံးတွေက ခပ်ကြီးကြီးမျက်အိမ်နဲ့မို့ ဝိုင်းစက်နေလိမ့်မည်။ နှာတံလေးကစင်းဖြောင့်နေတောမို့ ယောကျာ်းလေးလား မိန်းကလေးလား မသဲကွဲ။ ပေါက်စနလေးရှိသေးတာကိုပင် ချစ်စရာအတိပြီးကာ ရှင်းသန့်နေသည်။