Eternal Story - 13

20.8K 1.9K 180
                                    

[Uni]

   
ချော့မော့ပြောပြီးတဲ့အဆုံး နောက်တစ်နေ့မနက်မှာ သားကိုပါခေါ်ပြီး ဦးမာန်နေတဲ့အိမ်ဆီ ထွက်လာခဲ့သည်။ လမ်းချိုးတွေကိုကွေ့ပြီးချိုးလိုက်တိုင်း ခပ်ကျုတ်ကျုတ်ဖြစ်နေသေးသည့် မျက်လုံးတွေကိုလည်း စက္ကန့်မလပ်ကြည့်ရသေးသည်။ ဘာအပူအပင်မှမရှိတဲ့ သားကတော့ပျော်လို့မော်လို့ပင်။

လာခဲ့မယ်လို့ ဖုန်းကြိုဆက်ထားတာမို့ ခြံတံခါးကဖွင့်လျက်သား။ ပေါ်တီကိုအောက်ကားရပ်တာနဲ့ အိမ်ထဲကနေထွက်လာတာက ကုမ္ပဏီသွားမယ့်ပုံစံမျိုးမဟုတ်ဘဲ အိမ်နေရင်းချည်ဝတ်စုံပေါ့ပေါ့ပါးပါးနှင့်။ ဘယ်ဘက်လက်ထဲမှာ လက်နှီးစုတ်တစ်ခုကို ကိုင်ထားတာမလို့ ထမင်းဟင်းချက်ပြင်ဆင်နေတာဖြစ်မည်။

ကားပေါ်ကဇာမ်တို့ဆင်းလာတာမြင်သည်နှင့် ဝင်းလက်သွားသည့်မျက်လုံးတို့က အသက်အရွယ်နဲ့မလိုက်အောင် အရောင်အဆင်းဖိတ်နေသည်။ လွန်းက ဦးမာန်ဆီကမျက်လုံးတွေကို အမွေရထားခဲ့တာပဲ။

"လွန်း မောင့်ကိုအိတ်ပေး"

ကန်တော့မယ့်ပစ္စည်းထုပ်ကို လှမ်းယူပြီး ခါးကထိန်းကာ အိမ်ပေါ်တက်ဖို့ကူတွဲရသည်။ သားကိုချီပွေ့လိုက်တဲ့ဦးမာန်က စိုးရိမ်သလိုတစ်ချက်လှမ်းကြည့်သည်။

"ဘာမှမဖြစ်ဘူး ဦးမာန်၊ လှေကားတွေအသားမကျမှာစိုးလို့"

ဇာမ်ပြောမှ ခေါင်းညိတ်ပြပြီး အိမ်ထဲဝင်သွားသည်။ လွန်းနဲ့ချစ်သူဖြစ်တုန်းက အမြဲရောက်ဖူးတဲ့အိမ်မှာ လူမနေတာမို့ ပိတ်သိမ်းထားခံရတဲ့ ပင့်ကူမျှင်တွေ၊ ဖုန်စဖုန်လုံးတွေကို အကုန်ရှင်းပြီးထားဟန်တူသည်။ ဆေးတွေပြန်ကပ်ပြန်မှုတ်ထားတာမို့ ကြမ်းခင်းတွေက ပါကေးရောင်တွေ ဝင့်ဝင့်ကြွားကြွားတောက်ပြောင်နေသည်။

မီးဆိုင်းတွေကလည်း အကုန်အသစ်လဲထားပုံ။

အိမ်ထဲခြေချလိုက်ကတည်းက ပြောင်းလဲသွားတဲ့ပုံရိပ်တွေကို ငေးကြည့်နေသူကြောင့်

"ဟိုပန်းအိုးတွေကတော့ အရင်အတိုင်းရှိနေတုန်းပဲ"

"အင်း၊ မေမေသဘောအကျဆုံး ဖြစ်ခဲ့တာ၊ ချယ်ရီတွေက အတုတွေဆိုပေမဲ့ ဖူးအာနေတာကြည့်"

High Boss's Husband (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα